By Ra Wai / MPA
လူမျိုးစုအချင်းချင်းကြား ညီညွတ်ရေးမှသည် တော်လှန်ရေးအင်အားစုအားလုံး ညီညွတ်ရေးသို့ ရှေးရှုကြရန် လိုအပ်ကြောင်း အမျိုးသားညီညွှန်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလကပြောကြား လိုက်သည်။
ယနေ့ (မတ်လ ငါးရက်) ကျင်းပသည့် အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတက ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
“ ကျတော့်အနေနဲ့ ဒီနေ့ ပြုလုပ်ကျင်းပတဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ တော်လှန်ရေးအင်အားစုများ အကြား ဘုံညီညွတ်ရေး တည်ဆောက်နိုင်ဖို့ကိစ္စကို အလေးအနက်ထား ပြောကြားချင်ပါတယ်။ ဘုံညီညွတ်ရေးလို့ ပြောတဲ့နေရာမှာ၊ ဘုံရန်သူဖြစ်တဲ့ အကြမ်းဖက်စစ်ကောင်စီကို အမြစ်ပြတ် သုတ်သင်ချေမှုန်းရေးအတွက် အထူးပြု ရည်ရွယ်တာဖြစ်ပါတယ်” ဟု ဒူဝါလရှီးလကဆိုသည်။
ယခုအချိန်၌ ချင်းပြည်ကောင်စီ (CC)နဲ့ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ/ ချင်းညီနောင် (ICNCC/CB) တို့အကြား ဘုံပေါင်းစည်းမှုတစ်ရပ် လုပ်ဆောင်နိုင်ရန် ခြေလှမ်းစနိုင်တော့မည်ဖြစ်ကြောင်း ကြားသိရသဖြင့်အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ တစ်ခုလုံးက ဝမ်းသာ ဂုဏ်ယူမိကြောင်းလည်းဆိုသည်။
” ပြည်တွင်း ပြည်ပက ချင်းလူထုတစ်ရပ်လုံးကလည်း ချင်းညီညွတ်ရေးအပေါ် ဝမ်းမြောက် ဝမ်းသာ ကြိုဆိုကြတာကို တွေ့ရပါတယ်။ နွေဦးတော်လှန်ရေး အတွင်းမှာလည်း ချင်းတို့ရဲ့ ညီညွတ်ရေးဟာ တခြားသော လူမျိုးစုတော်လှန်ရေးအဖွဲ့တွေအတွက် ကနဦး စံပြ ဖြစ်လာဖို့ လိုတယ်လို့ ယူဆပါတယ်။ စစ်အာဏာရှင်တော်လှန်ရေးမှာ အဖွဲ့ပေါင်းများစွာ ထွက်ပေါ်လာတာဟာ အင်အားတစ်ရပ် ဖြစ်တယ်ဆို ပေမယ့် တော်လှန်ရေးအဖွဲ့တွေအားလုံးကို ဘုံညီညွတ်ရေးတည်ဆောက်နိုင်ပြီး တစ်စုတစ်စည်းတည်း စုဖွဲ့နိုင်ခြင်းက ပိုပြီး အားကောင်းမှုကို ဖြစ်စေတယ်လို့ ပြောချင်ပါတယ် ” ဟု ၎င်းကဆိုသည်။
မြန်မာ့နိုင်ငံရေးသမိုင်းကို လေ့လာကြည့်လျှင် အကွဲအပြဲဇာတ်လမ်းများနှင့် ပြည့်နှက်ခဲ့သည်ကို တွေ့ရှိရပြီး လွတ်လပ်ပြီးခေတ်နောက်ပိုင်း၌လည်း အကွဲအပြဲ ဇာတ်လမ်းများကို တွေ့ရသလို၊ အုပ်စုဖွဲ့ ဂိုဏ်းဂဏ ကွဲပြားမှုများလည်း အလွန် များပြားခဲ့ကြောင်း ၎င်းကဆိုသည်။
“ အခု နွေဦးတော်လှန်ရေးမှာ ကျတော်တို့ဟာ အတတ်နိုင်ဆုံး စုစည်းညီညွတ်မှုကို ထိန်းထားနိုင်မှ၊ စစ်အာဏာ ရှင်စနစ် အမြစ်ဖျက်ဖြုတ်ချနိုင်ရေးကို ဆုံးခန်းတိုင်သည်အထိ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ တစ်ဖက်မှာ လည်း စစ်အစိုးရခေတ်အဆက်ဆက်မှာ စစ်အစိုးရ ခေါင်းဆောင်တွေရဲ့ သွေးခွဲသပ်လျှို အုပ်ချုပ်တဲ့ နည်းတွေကို လက်စွဲပြုပြီး လုပ်ဆောင်လာခဲ့တာကို ကျတော်တို့ အားလုံး သတိချပ်သင့်တယ်လို့ ထင်ပါ တယ်” ဟု ၎င်းကပြောသည်။
စစ်အစိုးရအဆက်ဆက်သည် လူမျိုးစုညီညွတ်ရေးကို မလိုလားသလို၊ တော်လှန်ရေး အင်အားစုများ အချင်းချင်းအကြား စုစည်းပေါင်းစည်းသွားမှာကိုလည်း မလိုလားကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ရန်သူ ဝမ်းသာအောင် မလုပ်သင့်ကြောင်း ယာယီသမ္မတကပြောသည်။
ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း ကဏ္ဍ ခြောက်ရပ်ဖြစ်သည့် နိုင်ငံရေးကဏ္ဍ၊ နိုင်ငံခြားရေးကဏ္ဍ၊ စစ်ရေးကဏ္ဍ၊ အုပ်ချုပ်ရေးကဏ္ဍ၊ ဘဏ္ဍာရေးကဏ္ဍနှင့် လူထုဆက်ဆံရေးကဏ္ဍများကို ပိုမိုထိရောက် အောင်မြင်စွာလုပ်နိုင်ရန် ပြင်ဆင်စုဖွဲ့မှု ကိစ္စရပ်များနှင့်ပတ်သက်ပြီး ဖိဖိစီးစီး အားစိုက်လုပ်ကြရန် တိုက်တွန်း ပြောကြားခဲ့သည်။