By Ra Wai / MPA
မြန်မာစစ်အုပ်စုသည် ငွေလိမ်လုပ်ငန်းကြီးများတွင် အဓိကပါဝင်ပတ်သက်သူနှင့် အကျိူးခံစားခွင့်ရရှိသူဖြစ်ကြောင်း Justice For Myanmar ကဆိုသည်။
ယင်းလုပ်ငန်းမှ ရရှိသည့် အကျိုးအမြတ်များနှင့် မြန်မာပြည်သူများအပေါ် ကျူးလွန်သည့် နိုင်ငံတကာရာဇဝတ်မှုလုပ်ငန်းများမှာ ငွေကြေး ထောက်ပံ့နေခြင်းဖြစ်ကြောင်းလည်း ဆိုသည်။
“ မြန်မာစစ်အုပ်စုနဲ့ ကရင်နယ်ခြားစောင့်တပ်တွေဟာ သူတို့ငွေလိမ်လုပ်ငန်းတွေကို ထိုင်းနိုင်ငံက ရုတ်တရက်ဖြိုခွင်းလိုက်တဲ့အတွက် တုန်လှုပ်ခြောက်ခြား သွားခဲ့ရပါတယ်။ သူတို့က အပြစ်ကင်းလွတ်ဖို့ တောက်လျှောက် ကြိုးပမ်းရှောင်ရှားနေတဲ့ တစ်ပြိုင်နက်တည်းမှာ နောက်ထပ်အရေးယူမှုတွေ ရှိလာမှာကိုလည်း စိုးရိမ်မကင်း ရှိနေကြပါတယ်” ဟု Justice For Myanmar ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောသည်။
မြန်မာစစ်တပ်သည် ရာဇဝတ်ဆင့်ပွားလုပ်ငန်းကွန်ရက်ကြီး၏ ဗဟိုချက်၌ တည်ရှိပြီး၊ မြန်မာစစ်တပ်ကွပ်ကဲမှု အောက်ရှိ ကရင်နယ်ခြားစောင့်တပ်ဖွဲ့ကိုလည်း လက်သပ်မွေး လှုပ်ရှားစေခဲ့ကြောင်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း မြန်မာစစ်တပ်၏ အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း မြဝတီမြို့နယ်အတွင်း ဆိုက်ဘာငွေလိမ်လုပ်ငန်းများ တဟုန်တိုး တိုးပွားလာခဲ့ကြောင်း Justice For Myanmar က ထုတ်ပြန်သည်။
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီတွင် ထိုင်းနိုင်ငံက ဆိုက်ဘာငွေလိမ်လုပ်ငန်းကြီးများရှိသည့် မြန်မာနယ်စပ်ဒေသများ သို့ လျှပ်စစ်မီးနှင့် လောင်စာဆီတင်ပို့မှု ရပ်ဆိုင်းလိုက်ခြင်းသည် အရေးပါသည့် ခြေကုပ်လုပ်ငန်းတစ်ရပ် ဖြစ်ခဲ့သော်လည်း ထိုင်းနိုင်ငံ၏ ဆိုက်ဘာငွေလိမ်လုပ်ငန်းဖြိုခွင်းမှု အောင်မြင်နိုင်ရန်မှာမူ မြန်မာနိုင်ငံအတွင်း ယင်းရာဇဝတ်လုပ်ငန်းကြီးများ ကြီးထွားပျံ့နှံ့လာခဲ့ရသည့် ပြဿနာရင်းမြစ်များကို ဖြေရှင်းရန် လိုအပ်ကြောင်း Justice For Myanmar က ဆိုသည်။
ဆိုက်ဘာငွေလိမ်လုပ်ငန်းကြီးများ၏ ပြဿနာရင်းမြစ်များကို ပစ်မှတ်ထားခြင်းမရှိဘဲ လျှပ်စစ်မီးယာယီ ဖြတ်တောက်ရုံလောက်သည် ငွေလိမ်လုပ်ငန်းကြီးများအား အခြားဒေသများသို့သာ ပြောင်းရွှေ့သွားစေပြီး ပိုမိုကျယ်ပြန့်သွားစေမည်သာ ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။
“ ဒီလုပ်ငန်းတွေ ကြီးထွားလာအောင် ခွင့်ပြုပေးခဲ့တဲ့ ပြဿနာတွေရဲ့ ရင်းမြစ်ဖြစ်တဲ့ မြန်မာစစ်အုပ်စု၊ နယ်ခြား စောင့်တပ်တွေနဲ့ ကြံရာပါမိတ်ဖက်တွေကိစ္စကို ဖြေရှင်းခြင်းမရှိရင် ဘယ်လိုဖြိုခွင်းမှုပဲဖြစ် ဖြစ် ဒီငွေလိမ်လုပ်ငန်း တွေက နေရာပြောင်းလုပ်ဆောင်နေမှာဖြစ်ပြီး အမြစ်ဖြတ်နိုင်မှာ မဟုတ်ပါ ဘူး” ဟု မရတနာမောင်ကဆိုသည်။
ထိုင်းနိုင်ငံနှင့် အခြားအစိုးရများအနေဖြင့် မြန်မာစစ်တပ်နှင့် ပြည်သူ့စစ်များအား ဘဏ္ဍာငွေ၊ စစ်လက်နက်နှင့် လေယာဉ်ဆီ ရင်းမြစ်အားလုံး ဖြတ်တောက်ရန်၊ ၎င်းတို့နှင့်အတူကြံရာပါများ ကျူးလွန်ခဲ့သည့် နိုင်ငံဖြတ်ကျော် ရာဇဝတ်လုပ်ငန်းများအတွက် ရာဇဝတ်ကြောင်းအရ အရေးယူတာဝန်ခံစေရန် Justice For Myanmar က တောင်းဆိုထားသည်။