By Zwe Ko/MPA
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်အတွင်း စစ်ကောင်စီက လုံခြုံရေးတင်းကျပ်ကာ၊ နေ့စဉ် ဧည့်စာရင်းစစ်ဆေးမှု များ ပိုမိုပြားလာကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလကုန်ပိုင်းမှ စတင်ကာ ပြည်မြို့ အဝင်အထွက် ဂိတ်များ၌ စစ်တပ်အင်အား ပိုမိုတိုးချထားသည့် အပြင် မြို့တွင်း၌လည်း လုံခြုံရေးအပြည့်ယူထားကြောင်း ပြည်မြို့နယ်တွင် နေထိုင်သည့် အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
“ မြို့အဝင် န၀ဒေးတံတား၊ ရွှေတောင်ဆင်မကြပ်ဂိတ်နဲ့ အမှတ်သုံးရဲစခန်း ဂိတ်တွေမှာ ပိုစစ်တယ်။ လူငယ်တွေကို အဓိက ထားစစ်တယ်။ ဖုန်းတွေပြခိုင်းတာတွေ၊ ရပ်ဝေးကလာတဲ့သူတွေဆို ဘယ်သွားမှာလဲ ဘယ်ကလာလဲပေါ့၊ မှတ်ပုံတင်တွေကအစ ပြခိုင်းတာ” ဟု ၎င်းက ပြောသည်။
ထို့ပြင် ပြည်မြို့၌ ဧည့်စာရင်းစစ်ရာတွင် ၈/နိုင် မှတ်ပုံတင် ကိုင်ဆောင်ထားသူများကို ပိုမိုစစ်ဆေးနေပြီး ရခိုင်ပြည်နယ်မှ လာရောက်သူများကို လက်မခံထားရန် စစ်ကောင်စီက ပြောဆိုထားကြောင်း ပြည်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
“ အုပ်ချုပ်ရေးမှူး၊ ပျူစောထီးနဲ့ စစ်သားတွေက ညတိုင်း ရပ်ကွက်တွေကို ဧည့်စာရင်းစစ်ဆေးတာတွေလုပ်တယ်။ ဧည့်စာရင်းမတိုင်တဲ့သူတွေရှိရင် ဖမ်းတာ၊ ဒဏ်ရိုက်တာတွေလုပ်တယ်။ အချို့ စစ်ရှောင်တွေက တောဘက်က ထွက်ပြေးလာရတော့ မှတ်ပုံတင်မပါကြဘူး ” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၁ရက်က ပြည်ခရိုင် တပ်ရင်း ၃၆၀၂က ပြည်မြို့အတွင်း စစ်ရေးလှုပ်ရှားမည်ဟု ကြေညာပြီးနောက် စစ်ကောင်စီက လုံခြုံရေးတင်းကျပ်မှုများ ပြုလုပ်လာခြင်းဖြစ်သည်ဟု ပြည်မြို့နယ် အခြေခံပညာကျောင်းသားသမဂ္ဂမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ မနေ့ညက ပေါင်းတလည်ဘက်က ကောင်လေးနှစ်ယောက် အရက်ထွက်ဝယ်တာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့တွေ့ပြီး အဖမ်းခံလိုက်ရတယ်။ မှတ်ပုံတင်မပါရင် မြို့ထဲအဝင်မခံဘူး။ ပန်းတောင်း၊ ဥသျှစ်ပင် ဘက်မှာလည်း မှတ်ပုံတင်မပါတဲ့ စစ်ရှောင်တွေ အဖမ်းခံရတယ် ” ဟု အခြေခံပညာကျောင်းသားသမဂ္ဂမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယင်းအပြင် တော်လှန်ရေးတပ်ဖွဲ့များက စစ်ရေးတိုးမြှင့်မည်ဟု ကြေညာပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်မျးသည် ၎င်းတို့တပ်စခန်းများအနီး၊ ထွေအုပ်ရုံးနှင့် အကျဉ်းထောင်များတွင် ဝါးချွန်များ စိုက်ထားခြင်း၊ ခြံစည်းရိုးများ တိုးမြှင့်ကာရံခြင်းနှင့် နှစ်ထပ်ဘန်ကာ ဆောက်လုပ်ခြင်းများ ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ ၂၂ရက်က ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးရွာအနီးရှိ စစ်ကောင်စီစခန်းကို AAနှင့် ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ဒုတပ်ရင်းမှူး ဗိုလ်မှူးသန့်ဇော်ဟိန်းအပါအဝင် အများအပြားသေဆုံးခဲ့သေးသည်။
ထို့ပြင် ဖေဖော်ဝါရီ ၁၈ရက်က ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် စစ်ဆေးရေးဂိတ်သို့ လက်နက်ခဲယမ်းဖြည့်ရန် လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တပ်ရင်း ၃၆၀၁က တောင်ဆင်း၀ဂွေ့အနီး၊ မိုင်တိုင် ၁၆၌ တိုက်ခိုက်ခဲ့ရာ စစ်သား ကိုးဦးသေဆုံးပြီး ကားတစ်စီးနှင့် ယင်းကားပေါ်တွင်ပါလာသည့် လက်နက်ခဲယမ်းများ မီးလောင်ပျက်စီးခဲ့သည်။
ထိုကဲ့သို့ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စက်တပ်လေထီးဖြင့် တိုက်ပွဲဖြစ်ပွားရာ အနီးဝန်းကျင် ရွာများကို ဗုံးကြဲ ခဲ့ခြင်းကြောင့် အရပ်သား အမျိုးသမီးတစ်ဦးသေဆုံးကာ ၊ နှစ်ဦးပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး ကျေးရွာ ငါးရွာမှ ပြည်သူများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။