By Ra Wai / MPA
လေကြောင်းသတင်းပေးမှုများကို စိစစ်ကြပ်မတ်နိုင်ရေးအတွက် မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ စတားလင့်ဆိုင်များ ယာယီပိတ်ရန် မြိုင်ပကဖ က ညွှန်ကြားလိုက်သည်။
မြိုင်မြိုနယ်၊ ဇုန်များအတွင်း ဖွင့်လှစ်ထားသည့် စတားလင့်ဆိုင်များကို သေချာစိစစ်၍ တော်လှန်ရေးအဖွဲ့အစည်းများ ဆက်သွယ်ရေးအတွက်သုံးသော စတားလင့်ဆိုင်များကလွဲ၍ အခြား ဆိုင်များ ယာယီပိတ်ရန်နှင့် ပြန်လည်ဖွင့်လှစ်နိုင်မည့် အချိန်ကို အကြောင်းကြားမည်ဖြစ်ကြောင်း မြိုင်ပကဖက မတ်လ သုံးရက်၊ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
“ ဟိုတလောတုန်းက စကစချန်နယ်မှာတင်လာတာ စစ်သားဘယ်လောက် ကျတော်တို့ဆီ လွှတ်ထားတာ။ သပ်လျှိုဝင်ရောက်ဖို့ရာပေါ့။ ကျတော်တို့ သတင်းကို စုံစမ်းဖို့အတွက် လွှတ်ထားတယ်ဆိုတဲ့ အချက်အလက်တွေရှိတယ်။ ဒီကောင်တွေ ရောက်လာလို့ရှိရင် မသိတာတို့၊ နောက်ဆုံး သတင်းပေးတဲ့သူက စတားလင့်ရှိတော့ လွယ်လွယ်ကူကူပေးလို့ရတယ် ” ဟု ၎င်းက MPA သို့ ပြောသည်။
စတားလင့်ဆိုင်များ၌ လက်နက်ကိုင်အဖွဲ့အစည်းများ၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး ဌာနဆိုင်ရာကသူများမဟုတ်လျှင် အထောက်အထားပြည့်စုံမှပေးသုံးသင့်ကြောင်း ၎င်းကပြောသည်။
” ဌာနဆိုင်ရာအဖွဲ့အစည်းတွေနဲ့ မသက်ဆိုင်တဲ့သူ သုံးမယ်ဆိုလို့ရှိရင် အဲ့လူရဲ့ နေရပ်လိပ်စာအ ပြည့်အစုံယူ။ သူရဲ့ လှုပ်ရှားတဲ့ ဟန်သဏ္ဍာန်ပေါ့။ ဘယ်နယ်ကလာလဲပေါ့။ ယုံကြည်လောက်တဲ့ အထောက်အထားမရှိရင် အသုံးမခံနဲ့ပေါ့။ စတားလင့်မရှိဘူးဆိုရင် ကျတော်တို့ နယ်က ဖုန်းဆက် ဖို့မလွယ်ဘူးလေ။ ဘယ်နေရာဆက်ဆက် ဖုန်းလိုင်းက ရှင်းတဲ့လိုင်းမရှိဘူး။ ဒါကြောင့်မို့ စတားလင့် ကို ယာယီပိတ်လိုက်တာပါ” ဟု ၎င်းက ဆက်လက်ပြောသည်။
အသွင်ယူသတင်းပေးနေသည့် သူလျှိုများကို ဖမ်းဆီးဖော်ထုတ်နိုင်ရန်အတွက် ရေနံမှော်နှင့် ကျေးရွာများအတွင်း၌ ဧည့်စာရင်းစစ်ဆေးမည့် ကာလတစ်ခုပြုလုပ်မည်ဖြစ်ကြောင်း လည်း ၎င်းကပြောသည်။
” ဘေးစိမ်းတဲ့ နယ်ကဖြစ်လို့ရှိရင် ကျတော်တို့က အထောက်အထားမပြုနိုင်ဘူးဆိုရင် အသွင်ယူလားဆိုတာ ပေါ်လွင်လာမယ်လေ။ တကယ်လို့ ရှောင်ရှားနေတယ်ဆိုရင်လည်း ဒီပတ်ဝန်းကျင်က လူတွေက ကိုယ့်လူတွေချည်းပဲ ဖြစ်နေတော့ကျ သူတို့ကို ဖမ်းနိုင်ဆီးနိုင် ထိန်းသိမ်းနိုင်အောင် သူတို့အကြောင်းတွေ ဖော်ထုတ်နိုင်အောင်လုပ်တဲ့သဘောပါ” ဟု ၎င်းကပြောသည်။
မြို့နယ်အတွင်းရှိ ဇုန်၊ တိုက်နယ်၊ ရပ်ကျေးများမှ သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် လူစိမ်းများ၊ အခြားမြို့နယ်များမှ လူများနေထိုင်ခြင်း၊ တည်းခိုခြင်းကိစ္စများကို မှတ်ပုံတင်နှင့်တကွ တစ်ဆင့် ထောက်ခံမှုရယူပြီး စိတ်ချမှုရှိသော လူများကိုသာ လက်ခံရန်နှင့် စနစ်တကျကြပ်မတ်သွားရန်လည်း မြိုင်ပကဖကထုတ်ပြန်သည်။
မတ်လ သုံးရက်တွင် မြိုင်နှင့်ပေါက်မြို့နယ်အတွင်းရှိ ကျေးရွာကိုးရွာကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁၅ဦးသေဆုံးပြီး အယောက်၂၀ဒဏ်ရာရရှိခဲ့သည်။
ဖေဖေါ်ဝါရီ ၂၅ ရက်ကလည်း မြိုင်မြို့နယ်အစပ် ပေါက်မြို့နယ်၊ကျောက်ခွက်ရေနံမှော်ထဲရှိ ဆုံကုန်းရွာဘုန်းကြီးကျောင်း၌ PDF ရဲဘော်တစ်ဦး၏ မင်္ဂလာဆောင်ပွဲ ကျင်းပနေစဉ် စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ၁၂ဦး သေဆုံးပြီး ၂၂ဦး ဒဏ်ရာရခဲ့ကာ ဘုန်းကြီးကျောင်း ပျက်စီးခဲ့သည်။