By Ko Paing/MPA
ဗိုလ်မှူးတစ်ဦးအပါအဝင် စစ်သားနှင့်ရဲ ၆၄ ဦး ဖေဖေါ်ဝါရီအတွင်း ပြည်သူ့ရင်ခွင်ခိုလှုံလာကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
ယင်း ၆၄ ဦးသည် NUG အစိုးရ၊ ပြည်သူ့ရင်ခွင်အကောင်အထည်ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ PDF တပ်ရင်းများ၊ ပကဖများကို ဆက်သွယ်ကာ ပြည်သူ့ရင်ခွင်ခိုလှုံလာခြင်းဖြစ်ကြောင်း သိရသည်။
“ကျတော့်စိတ်ထင် ၂၀၂၄ နှစ်ကုန်ပိုင်းကစလို့ အလင်းဝင်စစ်သား ပိုများလာတယ်။ အလင်းဝင်တဲ့သူ တွေထဲမှာ စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ်တွေ တော်တော်များတယ်။ စစ်မှုထမ်းဆင်းတွေက အဓမ္မဖမ်းဆီးခံရပြီးတော့ စစ်တပ်ထဲရောက်တာဆိုတော့ စစ်တပ်ဆန့်ကျင်ရေးအခံက ရှိပြီးသားပဲ။ အဲဒါကြောင့် အခွင့်အရေးရတာနဲ့ အလင်းဝင်ကြတာ။ နောင်လည်း စစ်မှုထမ်းဆင်း အလင်းဝင်သူတွေကို များနိုင်တယ်ဆိုတော့ အလင်းဝင်စစ်သားတွေနဲ့ပတ်သက်ပြီး သေချာပရိုဂရမ်ရေးဆွဲထားပြီး သူတို့ရဲ့ ရပ်တည်ရေးအတွက်ပံ့ပိုးပေးသင့်တယ်”ဟု မဲဆောက်အခြေစိုက် CDM အရာရှိတစ်ဦးက MPA သို့ပြောသည်။
ပြည်သူ့ရင်ခွင်ခိုလှုံလာသူများအနက် ၄၅ ဦးမှာ လက်နက်မျိုးစုံ ၄၄ လက်နှင့်ခဲယမ်းများ ယူဆောင်လာကြကာ NUG ကာကွယ်ရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့် လက်နက်တန်ဖိုးအလိုက် ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်ခဲ့ကြောင်း သိရသည်။
ပြည်သူ့ဘက်ရပ်တည်လိုသည့် စစ်သားနှင့်ရဲများ အနေဖြင့် ပြည်သူ့ရင်ခွင် တယ်လီဂရမ် @MyanmarPeople (သို့) နီးစပ်ရာ PDF၊ ပကဖများနှင့် မဟာမိတ် တိုင်းရင်းသား တော်လှန်ရေးအဖွဲအစည်းများကို ဆက်သွယ် ချိတ်ဆက်ကာ ပြည်သူ့ရင်ခွင် ခိုလှုံကြရန် တိုက်တွန်း ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။