By Hlaing / MPA
မကွေးတိုင်းမြောက်ပိုင်း၊ ယောဒေသအခြေစိုက် တပ်ဖွဲ့တစ်ခုဖြစ်သည့် ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – YPDF ကို ဖျက်သိမ်းကြောင်း ၂၀၂၅ ခုနှစ်၊ မတ် နှစ်ရက်၊ ညနေပိုင်းတွင် YPDF က ထုတ်ပြန်ထားသည်။
အဆိုပါ ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – YPDF ကို ၂၀၂၁ ခုနှစ်၊ မတ်လအတွင်း၌ စတင်ဖွဲ့စည်းခဲ့ပြီး စစ်အာဏာရှင်စနစ် အမြစ်ဖြတ်တိုက်ထုတ်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီရရှိရေး၊ ယောဒေသ ပြည်သူလူထု အသက်အိုးအိမ် စည်းစိမ်လုံခြုံရေး တနည်းအားဖြင့် ယောအမျိုးသားနိုင်ငံရေးကို အစဥ်တစိုက်လုပ်ဆောင်ခဲ့စဥ်အတွင်း တပ်ဖွဲ့ဝင် ရဲဘော် ခြောက်ဦး ကျဆုံးခဲ့ပြီး သုံးဦး ကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့ကြကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
“ ယောအမျိုးသားနိုင်ငံရေးကို ပိုပြီးတော့ လက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်ဖို့၊ စစ်ရေး၊ နိုင်ငံရေးကို ဟန်ချက်ညီညီ လုပ်နိုင်ဖို့အတွက် ခုလို တပ်ဖွဲ့ကို ဖျက်သိမ်းရတာပါ။ ပုံစံအသစ်နဲ့ ပြန်လည် တည်ဆောက်ပြီး တော်လှန်ရေးကို ဆက်လက်ဆောင်ရွက်သွားမှာပါ” ဟု ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) ၏ ဥက္ကဌ ရဲဘော်ယောလေးက MPA သို့ ပြောသည်။
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်းကျင်းပခဲ့သည့် တပ်ဖွဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်း အဝေး (၂/၂၀၂၅) ဆုံးဖြတ်ချက်အရ တပ်ဖွဲ့အား အပြီးတိုင်ဖျက်သိမ်းရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော် တော်လှန်ရေး၊ ယောအမျိုးသားနိုင်ငံရေးကို စုစည်းညီညွတ်သော အခင်းအကျင်းဖြင့် ပိုမိုကောင်းမွန်သော အရွေ့ကို တက်လှမ်းကာ တပ်ဖွဲ့ဝင်အားလုံး ဆက်လက်ဆောင်ရွက်နေမည် ဖြစ်သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁ ရက်တွင်လည်း ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – YPDF အနေဖြင့် ယောဒေသလွတ်မြောက်ရေးတပ်ပေါင်းစု – YRLA မှ နှုတ်ထွက်ကြောင်း ထုတ်ပြန်ခဲ့သည်။
ယောဒေသအခြေစိုက် တပ်တစ်ခုဖြစ်သည့် ယောတပ်တော် (YA) ကလည်း ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉ ရက်၌ စစ်အာဏာရှင်စနစ်ပြုတ်ကျရေးနှင့်အတူ ယောအမျိုးသားပြန်လည်တည်ဆောက်ရေး၊ ဖက်ဒရယ်ပြည်ထောင်စုအတွင်း ခေတ်ကာလအဆက်ဆက် တိမ်မြုပ်ပျောက်ကွယ်ခဲ့ရသော ယောတို့၏ တန်းတူညီမျှခွင့်အတွက် စုပေါင်းဆောင်ရွက်ကြရန် ဒေသတွင်းအင်အားစုများကို ဖိတ်ခေါ်ထားသည်။
” ယောတပ်တော်(YA) နဲ့ ညှိနှိုင်းဆွေးနွေးနေကြတာ အတော်များများ ပြေလည်တဲ့ အခင်းအကျင်းတော့ ရှိနေပါပြီဗျ” ဟု ကိုယောလေးက ဆိုသည်။
စစ်ကောင်စီတပ် အာဏာသိမ်းပြီးနောက် ယောဒေသတွင် လက်နက်ကိုင်တော်လှန်ရေးအတွက် Local တပ်ဖွဲ့များ၊ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) နှင့် ချိတ်ဆက်ကာ ခရိုင်တပ်ရင်းများအနေဖြင့်လည်း တိုက်ပွဲများ ဖော်ဆောင်ခဲ့ကြသည်။
“ ယောဒေသတွင်းမှာရှိတဲ့ တပ်တွေ အကုန်လုံးပေါင်းစည်းပြီး ဒေသလွတ်မြောက်ရေးအတွက် ကြိုးပမ်းကြမယ်ဆိုတာ ယုံကြည်ပါတယ်” ဟု ဆောမြို့ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။
စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်နှင့် ထိစပ်နေသည့် မကွေးတိုင်းမြောက်ပိုင်း၊ ယောဒေသသည် တော်လှန်ရေးအားကောင်းရာ ဒေသတစ်ခုဖြစ်ကာ ကျေးလက်ဒေသအများစုကို ထိန်းချုပ်ထားပြီး၊ စစ်ကောင်စီတပ်မှ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများကို ဖြတ်တောက်ထားသည့်ဒေသလည်း ဖြစ်သည်။