By Maung Dagon/MPA
ရုရှားနိုင်ငံသို့ ရောက်ရှိနေသည့် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် သမ္မတဟောင်း ဦးထင်ကျော်ကဲ့သို့ လေးနက်သည့် ပုံစံဖြင့် ကြိုဆိုခြင်းမခံခဲ့ရကြောင်း သတင်းထုတ်ပြန်ချက်များအရ သိရသည်။
မတ် သုံးရက်က ရုရှားနိုင်ငံ၊ မော်စကိုမြို့၊ ဘနုကာဘာအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရောက်ရှိချိန်တွင် ကော်ဇော်နီခင်းထားခြင်းမရှိဘဲ ရုရှားဝန်ကြီးတစ်ဦး ဦးဆောင်ကာ လာရောက်ကြိုဆိုခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီ ဝါဒဖြန့်မီဒီယာများ၌ နိုင်ငံတော်အဆင့်ဟု ဆိုထားသော်လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်ကို Bread and Salt ဟူသည့် လေးနက်သည့် ပုံစံဖြင့် ကြိုဆိုခြင်းမရှိခဲ့သည်ကို သတင်းထုတ်ပြန်ချက်များအရ တွေ့ရသည်။
” Bread and Salt ဆိုတာကဗျာ ပေါင်မုန့်က စည်းလုံးမှု၊ ကျေးဇူးတင်မှုနဲ့ ရင်းနှီးမှုကို ကိုယ်စားပြုတယ်။ ဆား က သစ္စာရှိမှု၊ ခိုင်မာသောဆက်ဆံရေးနဲ့ အတူတကွနေထိုင်မှုကို ကိုယ်စားပြုတာမျိုးပေါ့ ၊ ဒါက ရုရှနဲ့ ဥရောပ နိုင်ငံအချို့ရဲ့ နိုင်ငံတော်အဆင့် ခေါင်းဆောင်တွေလာရင် ကြိုဆိုတဲ့ ပုံစံလို့ပြောလို့ရတယ်” ဟု ဥရောပ ယဥ်ကျေးမှုကို လေ့လာနေသည့် ရန်ကုန်မြို့ခံ လူငယ်တစ်ဦးက ပြောသည်။
၂၀၁၆ ခုနှစ်က ရုရှားနိုင်ငံ၊ ဆိုချီမြို့တွင် ပြုလုပ်ခဲ့သည့် ရုရှား-အာဆီယံ ထိပ်သီးအစည်းအဝေးပွဲကို တက်ရောက်ခဲ့သည့် ရွေးကောက်ခံ သမ္မတ ဦးထင်ကျော်မှာမူ အထက်ပါ Bread and Salt ကြိုဆိုမှုအား ကြုံတွေ့ခဲ့ရသည်။
စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှာမူ ရုရှားသမ္မတ ဗလာဒီမာပူတင်က ဖိတ်ကြား၍ သွားရခြင်း ဖြစ်သော်လည်း ဆယ်ဂဏန်းမျှသော စစ်တီးဝိုင်းအဖွဲ့ဝင်များနှင့် စီးပွားရေး ဝန်ကြီးတစ်ဦး ခေါင်းဆောင်သည့် ကြိုဆိုမှုကိုသာ ရရှိခဲ့ခြင်း ဖြစ်သည်ကို တွေ့ရသည်။
” လော်ဘီ(ဝါဒဖြန့်သမားမျး) တွေကတော့ ဂုဏ်ယူနေတာပဲ၊ တကယ်ကတော့ ရှက်စရာလို့ပဲ မြင်တယ်။ ကော်ဇောနီတောင် ခင်းပြီ ကြိုဆိုတာမခံရဘူး။ ဒါလား မြန်မာ့တပ်မတော်ခေါင်းဆောင်” ဟု မြန်မာစစ်တပ် အရာရှိ တစ်ဦးက မှတ်ချက်ပေး ပြောဆိုသည်။
စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ဘနုကာဘာအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ရုရှားစီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီး Mr, Maxim Reshetnikov ၊ ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့ကသာ လာရောက်ကြိုဆိုခဲ့ခြင်း ဖြစ်သည်။
သို့သော် စစ်တပ်ဝါဒဖြန့် မီဒီယာများက အဆိုပါ ကြိုဆိုမှုအား နိုင်ငံတော်အဆင့် ဖြစ်သည်ဟု ရေးသားကြသည်။
” သူတို့ ဘယ်လိုပဲ လော်လော်(ဝါဒဖြန့်)ပါ၊ ဒီပုံစံက သားပေါက်( တပည့် ခိုင်းစေလိုရသူ) တစ်ယောက်ကို မတတ်သာလို့ ကြိုတဲ့ပုံစံမျိုးဗျ” ဟု ပြည်တွင်းမှ နိုင်ငံရေး လေ့လာသူတစ်ဦးက မှတ်ချက်ပေးသည်။
စစ်ကောင်စီခေါင်းဆောင်၏ ရုရှားခရီးစဉ်သည် စစ်တပ်အာဏာသိမ်းပြီးနောက် လေးကြိမ်မြောက် ခရီးစဉ်ဖြစ်ကာ စစ်တပ်ထောက်ခံသူများက သံတမာန်ရေးအရ အောင်မြင်မှုဖြစ်သည်ဟု ကြွေးကြော်မှုများလည်းရှိနေသည်။
ထို့ပြင် စစ်ကောင်စီခေါင်းဆောင်သည် ရုရှားသို့ ရောက်ရှိပြီးနောက် မော်စကိုမြို့တွင် ၎င်းလှူဒါန်းထားသည့် မြန်မာထေရဝါဒဗုဒ္ဓစင်တာသို့ သွားရောက်ခဲ့သေးသည်။
လက်ရှိ စစ်ကောင်စီခေါင်းဆောင်သည် ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုအတွက် အာဂျင်တီးနားတရားရုံးက နိုင်ငံတကာ ဖမ်း၀ရမ်းထုတ်ထားသူတစ်ဦးဖြစ်သည့်အပြင် ၎င်းနှင့် တွေ့ဆုံမည့် ရုရှားသမ္မတ ဗလာဒီမာပူတင်သည်လည်း နိုင်ငံတာ ဖမ်း၀ရမ်းထုတ်ခံထားရသူတစ်ဦးလည်းဖြစ်သည်။
ယခုတွေ့ဆုံမှုသည် ရုရှားနိုင်ငံမှ ထားဝယ်အထူးစီးပွားရေးဇုန် ရင်းနှီးမြှုပ်နှံမှုအတွက် သမ္မတ ဗလာဒီမာပူတင်ဖိတ်ကြားမှုဖြင့် စစ်ကောင်စီခေါင်းဆောင်က ရုရှားနိုင်ငံသို့ သွားရောက်ရခြင်းဖြစ်ကြောင်း စစ်တပ်ဝါဒဖြန့်သတင်းများ၌ ဖော်ပြထားသည်။
ယင်းအပြင် တွေ့ဆုံမှုသည် စစ်ရေးထက် ရုရှား-မြန်မာ ရင်းနှီးမြှုပ်နှံမှုများကို အဓိကဦးစားပေးဆွေးနွေးမည်ဖြစ်ကြောင်း လွတ်လပ်သည့် သတင်းဌာနများ၌ ဖော်ပြထားသည်။