By Zwe Ko / MPA
ဧရာ၀တီတိုင်း၊ အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမြို့၊ သဘော့ကျေးရွာအုပ်စုရှိ လူငယ်များကို စစ်မှုထမ်းရန် မဲနှိုက်ရွေးချယ်မည်ဖြစ်ပြီး ခရီးသွားမည့်လူငယ်များအား ကျေးရွာအုပ်ချုပ်ရေးမှူးများက ထောက်ခံစာ မပြုလုပ်ပေးတော့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ယခင်က သဘော့ကျေးရွာအုပ်စု၌ စစ်မှုထမ်းငှားရမ်းရန်အတွက်ဟုဆိုကာ စစ်ကောင်စီလက်အောက်ခံ ကျေးရွာအုပ်ချုပ်ရေးမှူးက အိမ်ထောင်စုတစ်ခုလျင် ကျပ်ငွေငါးသောင်းကောက်ခံခဲ့သော်လည်း စစ်မှုထမ်း အပတ်စဉ် ၁၁အတွက် ငွေကြေးကောက်ခံခြင်းမရှိတော့ဘဲ မဲနှိုက်ရွေးချယ်မည်ဟု ပြောဆိုကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“ မဲနှိုက်တာတောင် ရွာသားတွေရှေ့မှာ မနှိုက်ဘူး။ မြို့ပေါ်ထွေအုပ်ရုံးမှာ သွားနှိုက်မှာတဲ့၊ မဲပေါက်တာ ဘယ်သူတွေလည်း ဆိုတာကိုလည်း မပြောပြဘူး။ စစ်တပ်က လာခေါ်မှ သိမယ်လို့ပြောတယ် ” ဟု ၎င်းက ပြောသည်။
သဘော့ကျေးရွာအုပ်စု၌ သဘော့၊ မအူပင်၊ ရေကြက်၊ ပန်းလှကွင်း၊ ငွေသဇင် ကျေးရွာတို့ရှိပြီး အဆိုပါကျေးရွာများမှ လူငယ်များသည် စစ်မှုထမ်းခေါ်ဆောင်ခံရမည်ကို စိုးရိမ်နေကြောင်း မအူပင်ကျေးရွာမှ အသက် ၂၀အရွယ် လူငယ်တစ်ဦးက MPA သို့ပြောသည်။
“ ဘယ်သူ မဲပေါင်းမှန်း မသိရတော့ အားလုံးလန့်နေရတယ်။ ညတွေဆိုလည်း ကောင်းကောင်းမအိပ်ရဲကြဘူး။ ဒီမှာက ပေါ်တာဆွဲရင် ညပိုင်းမှာ ရွာတွေထဲဝင်ဆွဲတာ၊ ခါတိုင်းလတွေတုန်းက မရှိရှိတဲ့ ပိုက်ဆံလေးပေးနေရတော့ အဆင် ပြေသေးတယ်။ အခုက ပိုက်ဆံပေးလို့လဲမရ၊ မဲပေါက်တာကိုလဲ ကြိုမသိရတော့ အတော်ဆိုးတယ်” ဟု ၎င်းက ရှင်းပြသည်။
ထိုကဲ့သို့ အခြေအနေများကြောင့် လူငယ်များသည် ဘေးလွတ်ရာသို့ တိမ်းရှောင်ချင်သော်လည်း ကျေးရွာအုပ်ချုပ်ရေးမှူးများက ထောက်ခံစာမပြုလုပ်ပေးသည့်အတွက် တိမ်းရှောင်ရန် ခက်ခဲနေရကြောင်း သဘော့ကျေးရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။
“ အုပ်ချုပ်ရေးမှူး ဦးစိန်ကျော်က သူ့အမျိုးတွေကိုတော့ ထောက်ခံစာလုပ်ပေးတယ်။ ကျန်တဲ့လူငယ်တွေကို မလုပ်ပေးဘူး။ ထောက်ခံစာမပါဘဲ ခရီးသွားရင် ဖမ်းခံရနိုင်တယ်လေ၊ ပြီးတော့ လမ်းမှာက စစ်ဆေးရေးဂိတ်တွေ များတယ် ” ဟု ၎င်းက ပြောသည်။
ထို့ပြင် မဲဇလီမြို့၌ စစ်မှုထမ်း မဲနှိုက်ရာတွင် ပွင့်လင်းမြင်သာမှုမရှိသည့်အတွက် မည်သည် မဲပေါက်သည်ကိုမသိရဘဲ ပြည်သူများပိုမို စိုးထိတ်နေရကြောင်း ပန်းလှကွင်းကျေးရွာမှ အသက် ၄၀အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။
“ အုပ်ကြီးတွေက စစ်တပ်ထောက်ခံတဲ့သူတွေဆိုတော့ မျက်နှာလိုက်တယ်။ အခုလည်း စစ်မှုထမ်းစာရင်းတွေကို ဘယ်သူတွေကိုပေးထားမှန်းလည်း မသိဘူး။ NLD ထောက်ခံတဲ့သူတွေကိုရွေးပြီး မဲပေါက်တဲ့ပုံစံနဲ့ စစ်မှုထမ်းခိုင်းမယ်နဲ့တူတယ် ” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၀ရက်က အင်္ဂပူမြို့နယ်၊ ကွင်းကောက်တိုက်နယ်မှ အုပ်ချုပ်ရေးမှူး ဦးစိုးသိန်းသည် ပြည်သူများ၏ နေအိမ်များကို ချိတ်ပိတ်ခြင်း၊ စစ်ကောင်စီအတွက် တပ်သားစုဆောင်းရာတွင် လူငယ်များကို ဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့သည့်အတွက် တော်လှန်ရေးရဲဘော်များက ဗုံးခွဲတိုက်ခိုက်ကာ သတိပေးမှုများ ပြုလုပ်ခဲ့သေးသည်။