By Nway / MPA
မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်အတွင်းရှိ မူးယစ်ဆေးသုံးစွဲသူ ၇၁ ဦးကို ခြောက်လကြာ အကျင့်စာရိတ္တ ပြုပြင်ပေးပြီးနောက် ပြန်လွှတ်ပေးခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်သည်။
ပြန်လွှတ်လိုက်သူများမှာ TNLA မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတပ်ဖွဲ့က ဖမ်းဆီးရမိသူများအပြင် မိဘ အချို့က ၎င်းတို့၏သားများကို အကျင့်စာရိတ္တပြုပြင်ပေးရန် လာရောက်အပ်နှံခဲ့သူများလည်း ပါဝင်ပြီး ဖေဖေါ်ဝါရီ ၂၅ ရက်က ပြန်လွှတ်ပေးခဲ့ကြောင်း TNLA က ယနေ့ (မတ် သုံးရက်) သတင်းထုတ်ပြန်သည်။
“အာဏာသိမ်းပြီးနောက်ပိုင်း မိုးကုတ်မှာ မူးယစ်ဆေးဝါးဆိုတာ စစ်တပ်နဲ့ရဲကို လိုင်းကြေးပေးပြီး ဗြောင်ရောင်းချခဲ့တာ။အဲဒါကြောင့် ဆေးသုံးတဲ့လူ အရမ်းများတယ်။ TNLA သိမ်းပြီးနောက် ဆေးရောင်းတာ တော်တော်လျော့ပေမဲ့ သူ့ဟာနဲ့သူကတော့ ရှိနေတုန်းပဲ။TNLA ကလည်း တော်လှန် ရေးကာလဆိုတော့ လူအင်အားနိုင်နိုင်သုံးပြီး သေချာဖိဖိစီးစီး မလုပ်နိုင်သေးတာလည်း ပါတာပေါ့” ဟု မိုးကုတ်မြို့ခံတစ်ဦးက MPA သို့ပြောသည်။
မူးယစ်ဆေးဝါးသုံးစွဲသူများသည် ပထမအကြိမ် အကျင့်စာရိတ္တပြုပြင်ရေးစခန်းတွင် ပို့ဆောင်ခံရပါက ခြောက်လ ပြစ်မှုခံရပြီး ဒုတိယအကြိမ် ထပ်မံသုံးစွဲပါက သုံးနှစ်ကြာ အကျင့်စာရိတ္တပြုပြင် ရေးစခန်းသို့ ပို့ဆောင်ခံရမည်ဖြစ်ကြောင်း TNLA က ဆိုသည်။
ဇန်နဝါရီ ခုနှစ်ရက်ကလည်း ကျောက်မဲမြိုနယ်တွင် TNLA မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတပ်ဖွဲ့က ဖမ်းဆီးထားသော မူးယစ်ဆေးဝါးသုံးစွဲသူ ၁၃၁ ဦးကို အကျင့်စာရိတ္တပြုပြင်ကာ ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။