By Ra Wai / MPA
ကဗျာဆရာကေဇဝင်း ကျဆုံးခြင်း လေးနှစ်ပြည့်အခမ်းအနားကို ဗမာနိုင်ငံလုံးဆိုင်ရာ ကဗျာဆရာများသမဂ္ဂ -ဗလကသ က ယနေ့ (မတ်သုံးရက်) ကျင်းပခဲ့ကြောင်းသိရသည်။
ယနေ့ (မတ်လ သုံးရက်) နံနက် ကိုးနာရီခွဲမှ ၁၂ နာရီအထိ ဗလကသရုံး၌ ကဗျာဆရာကေဇဝင်း ကျဆုံးခြင်းအခမ်းအနား ကျင်းပခဲ့ပြီး ယင်းအခမ်းအနား၌ ကဗျာဆရာကေဇဝင်းနှင့် တကွ နွေဦး တော်လှန်ရေးအတွင်း ကျဆုံးသွားသည့် အာဇာနည်သူရဲကောင်းများအား ငြိမ်သက်အလေးပြုခြင်း၊ ကျဆုံးခြင်း လေးနှစ်ပြည့်အခမ်းအနားသဝဏ်လွှာဖတ်ကြားခြင်း၊ လက်ပံတန်းထောင်အတွင်း၌ ကဗျာဆရာကေဇဝင်း ရွတ်ဆိုခဲ့သည့် “ အမိန့်ကဗျာ” အား ဖွင့်လှစ်နားဆင်ခြင်း၊ အောက်မေ့အမှတ် တရစကားပြောကြားခြင်း၊ ကဗျာဆရာကေဇဝင်း၏ ကဗျာနှင့် အမှတ်တရကဗျာရွတ်ဆိုခြင်းများ ပြုလုပ်ခဲ့ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကဗျာဆရာများသမဂ္ဂ -ဗလကသက ထုတ်ပြန်သည်။
” အဓိကကတော့ ကိုကေဇပေါ့။ နွေဦးတော်လှန်ရေးအတွင်းမှာ ကျသွားတဲ့အခါ အောက်မေ့ဂုဏ်ယူ တယ်ဆိုတဲ့ ပုံစံပေါ့” ဟု ဗမာနိုင်ငံလုံးဆိုင်ရာ ကဗျာဆရာများသမဂ္ဂ -ဗလကသ ဥက္ကဌ၊ ကဗျာဆရာ ရဲရင့်လင်္ကာက MPAသို့ပြောသည်။
ကဗျာဆရာကေဇဝင်းသည် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ၂၀၂၁ ခုနှစ် မတ်လ သုံးရက်တွင် မုံရွာမြို့၌ ကျဆုံးခဲ့သည်။
ကဗျာဆရာကေဇဝင်းသည် လက်ပံတောင်းတောင်အရေးတွင် ရှေ့ဆုံးမှနေ၍ တက်ကြွစွာပါဝင် ခဲ့ သည့် ကဗျာဆရာတစ်ဦးဖြစ်သည့်အပြင် ၂၀၁၅ ဒီမိုကရေစီပညာရေးသပိတ်စစ်ကြောင်း ဆန္ဒပြခရီး ရှည်ချီတက်ပွဲ၌လည်း တက်တက်ကြွကြွပါဝင်ခဲ့ပြီး လက်ပံတန်းမြို့၌ စစ်အုပ်စု၏ ဖမ်းဆီးခြင်းခံခဲ့ရသည်။
စစ်တပ်အာဏာသိမ်းသည့် အချိန်၌လည်း မုံရွာမြို့၌ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများကို ဦး ဆောင်လှုပ်ရှားခဲ့ပြီး ဗလကသအဖွဲ့ဝင်တစ်ဦးအနေဖြင့်လည်းကောင်း တော်လှန်ကဗျာဆရာတစ်ဦး အနေဖြင့်လည်းကောင်း တာဝန်များ ကျေပွန်ခဲ့ကြောင်းသိရသည်။
ကဗျာဆရာကေဇဝင်းသည် မြန်မာ့သမိုင်း၌ သမိုင်းတွင် ကျန်ရစ်ခဲ့မည့် တော်လှန်ကဗျာဆရာ တစ်ဦး အဖြစ် မှတ်တမ်းတင်ဂုဏ်ပြုကြောင်းနှင့် မပြီးသေးသည့် နွေဦးတော်လှန်ရေးနှင့် စစ်သုံးစစ် အမြစ် ပြတ်ချေမှုန်းရေးတို့ကို ဗလကသအနေဖြင့် ဆက်လက်တိုက်ပွဲဝင်ချီတက်သွားမည်ဖြစ်ကြောင်း ဗလကသက ထုတ်ပြန်ထားသည်။
ကဗျာဆရာကေဇဝင်း ကျဆုံးခြင်း လေးနှစ်ပြည့်ကို ရည်စူး၍ မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့ရဲ ဘော်များကို ဗလကသ က တစ်နေ့တာ ထမင်းဟင်း လှူဒါန်းခဲ့သည်။