By Ra Wai / MPA
ချင်းပြည်ကောင်စီနှင့် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီတို့ကြား ညီညွတ်ရေးသဘောတူညီချက်များ ရရှိခဲ့ခြင်းအပေါ် ကြိုဆိုဂုဏ်ပြုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ယနေ့ (ဖေဖော်ဝါရီ ၂၇ရက်) သဝဏ်လွှာပေးပို့ခဲ့သည်။
ဖေဖော်ဝါရီ ၂၆ရက်တွင် ချင်းအမျိုးသားနိုင်ငံရေး ဦးဆောင်အဖွဲ့များဖြစ်သည့် ချင်းပြည် ကောင်စီ (Chinland Council )နှင့် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) တို့အကြား သဘောတူညီချက်များ ရယူနိုင်ခဲ့ပြီး ချင်းပြည်သူတစ်ရပ်လုံးကို လွှမ်းခြုံကိုယ်စားပြုမည့် “ချင်းအမျိုးသားကောင်စီ” ဟူသည့် ကောင်စီတစ်ရပ် တည်ထောင်ရန်အတွက် သဘောတူညီမှု ရရှိခဲ့ခြင်းအပေါ် အမျိုးသားညီညွတ်ရေးအစိုးရက လှိုက်လှဲဝမ်းမြောက်စွာ ကြိုဆိုဂုဏ်ပြုကြောင်း သဝဏ်လွှာ၌ ဖော်ပြထားသည်။
ချင်းအမျိုးသားဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ရေးဆွဲရေးအဖွဲ့ကို ဖွဲ့စည်းရန်သဘောတူညီခဲ့ခြင်း မှာလည်း ချင်းအမျိုးသားတစ်ရပ်လုံးနှင့် အနာဂတ်ပြည်ထောင်စုအတွက် အတိုင်းထက် အလွန် ဝမ်းမြောက်ဖွယ်ဖြစ်ကြောင်း ဖော်ပြထားသည်။
အယူအဆ၊ သဘောထားကွဲလွဲခဲ့မှုများ ရှိခဲ့သော်လည်း ငြိမ်းချမ်းစွာ ဆွေးနွေးညှိနှိုင်း အဖြေ ရှာခဲ့သည့် ချင်းနိုင်ငံရေးဦးဆောင်အဖွဲ့နှစ်ခု၏ နိုင်ငံရေးသဘောထားကြီးမှုသည် ပြည်သူ့နွေဦး တော်လှန်ရေး၌ ပါဝင်နေသည့် တော်လှန်ရေးအင်အားစုများအတွက် ဒီမိုကရေစီအလေ့ အကျင့်ကောင်းအဖြစ် အလေးအနက်စံပြုထိုက်ဖွယ် ဖြစ်ကြောင်းလည်း ဆိုသည်။
ချင်းအမျိုးသားနိုင်ငံရေးဦးဆောင်အဖွဲ့များ စည်းလုံးညီညွတ်စွာ ပေါင်းစည်းပြီး “ချင်းအမျိုးသား ကောင်စီ” အုတ်မြစ်ကို ခိုင်မာမြဲမြံစွာ ချမှတ်နိုင်ခဲ့မှုမှအစပြု၍ ချင်းပြည်သူ တစ်ရပ်လုံးအတွက် တရားမျှတမှု၊လွတ်လပ်မှု၊တန်းတူညီမျှမှု၊ ကွဲပြားစုံလင်မှုအပေါ် လက်ခံနိုင်မှု စသည်တို့အား အခြေခံသည့် ချင်းအမျိုးသားဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ရေးဆွဲကာ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် တည်ဆောက်နိုင်သည့်တိုင်အောင် အတူတကွ လက်တွဲချီ တက်ရန် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် စိတ်အားထက်သန်မှု အပြည့်ဖြင့် မျှော်ရည်မှန်းလျက်ရှိကြောင်းလည်း ဆိုသည်။
ချင်းပြည်ကောင်စီနှင့် ကြားကာလချင်းအမျိုးသားတိုင်ပင်ခံကောင်စီတို့အနေဖြင့် ချင်းပြည်နယ်အတွင်းရှိ ချင်းပြည်သူများအတွက် ကောင်စီနှစ်ရပ်ရှိနေခြင်းသည် မဖြစ်သင့်ကြောင်း နှစ်ဖက်လက်ခံယုံကြည်ကြသည်နှင့်အညီ ကောင်စီတစ်ရပ်အဖြစ်ပေါင်းစည်းရန် သဘောတူညီခဲ့ကြပြီး ထိုကောင်စီ၏အမည်ကို “ ချင်းအမျိုးသားကောင်စီ” ဟု ခေါ်တွင်ရန် သဘောတူညီခဲ့ကြကြောင်း ချင်းပြည်ကောင်စီကသတင်းထုတ်ပြန်ထားသည်။