By Ra Wai / MPA
ထိုင်းအစိုးရမှ စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်းပေးခဲ့သည့် မြန်မာနိုင်ငံသား၂၀၀ အနက် လူငယ်များကို စစ်မှုထမ်းထဲသို့ အဓမ္မ သွတ်သွင်းနေကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ထိုင်းနိုင်ငံ၊ တရားမဝင်နေထိုင်မှုအပါအဝင် အကြောင်းအမျိုးမျိုးဖြင့် ရနောင်းအချုပ်ထောင်၌ ထိန်းသိမ်းခံခဲ့ရသည့် မြန်မာနိုင်ငံသား ၂၀၀ကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၄ရက်၊ နေ့ခင်းပိုင်း၌ ကော့သောင်းမြို့ရှိ စစ်ကောင်စီထံသို့ လွှဲပြောင်းပေးခဲ့ကြောင်း ထိုင်းသတင်းဌာနများ၌ ဖော်ပြထားသည်။
“ရနောင်းကနေ ကော့သောင်းလှေဆိပ်ကို ပို့တယ်။ ကော့သောင်းရောက်တော့ အားကစားရုံထဲ ပို့ တယ်။ အဲ့ဒီမှာ ဆေးစစ်တယ်ဆိုပေမဲ့ ပိုက်ဆံပေးနိုင်သလားဆိုတာ ညှိတာပါ၊ သိပ်မကြီးတဲ့သူတွေ ပိုက်ဆံပေးနိုင်ရင် ပြန်လွှတ်တယ်။ မပေးနိုင်တဲ့သူတွေကို ခလရ ၂၆၂ ကို ပို့တယ်”ဟု ကော့သောင်းမြို့သတင်း ရင်းမြစ်က MPAသို့ပြောသည်။
ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခံရသူ ၂၀၀ဦးတွင် အမျိုးသား ၁၉၈ဦးနှင့် အမျိုးသမီး နှစ်ဦးတို့ဖြစ်ပြီး ထိုင်းနိုင်ငံ ၊ ရနောင်းမြို့မှ မြန်မာနိုင်ငံ ကော့သောင်းမြို့သို့ စက်လှေများဖြင့် ပို့ဆောင်ကာ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း ဘန်ကောက်ပိုစ့်သတင်း၌ ဖော်ပြထားသည်။
“လွှဲတဲ့ ၂၄ရက်မှာဘဲ ခလရ၂၆၂ ကိုခေါ်သွားတာ၊ ခလရ၂၆၂ ဆိုတာက ခမောက်ကြီးမှာ၊ ဘယ်နှစ်ယောက် ပြန်လွတ်ပြီး စစ်မှုထမ်းဘယ်လောက်ပါသွားသလဲတော့ မသိဘူး။ အရင်ကလည်း အဲဒီလိုပဲ ရနောင်းက လွှဲရင် ခလရ၂၆၂ ပို့တယ်။ ပြီးရင် ဘိတ်(မြိတ်)ကို ထပ်ပို့တယ်။ ရေကြောင်းနဲ့ပို့တယ်”ဟု ၎င်းက ဆက်လက်ပြောသည်။
ပြီးခဲ့သည့် ဖေဖေါ်ဝါရီ၁၇ရက်က သထုံမြို့ အမှတ်၄၀၂ အမြောက်တပ်ရင်းမှ သထုံမြို့ပြအထူးပြောက်ကျားအဖွဲ့ ထံ အလင်းဝင်လာသော စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ်တစ်ဦးမှာ ထိုင်းနိုင်ငံ၌ အဖမ်းခံရပြီး နောက် စစ်မှုထမ်းထဲသို့ အဓမ္မသွတ်သွင်းခံရသူဖြစ်ကြောင်း KNU တပ်မဟာတစ်နယ်မြေ အခြေ စိုက် PDFသတင်းရင်းမြစ်က ဆိုသည်။
“အဲဒီတပ်သားသစ်လည်း ရနောင်းကနေ ကော့သောင်းအလွှဲခံရတယ်။ ပြီးတော့ ကော့သောင်း ခလရ၂၆၂ထဲ ရောက်တယ်။ အဲ့ဒီကနေ စစ်မှုထမ်းထဲအထည့်ခံရပြီး စစ်သားသစ်အဖြစ်နဲ့ သထုံအမြောက်တပ် ရောက်လာတာ၊ ဒါကိုကြည့်ခြင်းအားဖြင့် ထိုင်းမှာ အဖမ်းခံရတဲ့လူငယ်တွေကို မြန်မာ ဘက်ပြန်လွှဲရင် စစ်တပ်က အဓမ္မစစ်မှုထမ်းခိုင်းတာ ပေါ်လွင်နေတယ်”ဟု ၎င်းက ပြောသည်။
ထိုင်းတွင် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရသည့် လူငယ်များကို မြန်မာဘက်သို့ ပြန်လွှဲပါက စစ်ကောင်စီက စစ်မှုထမ်းသင်တန်းသို့ ပို့ဆောင်နေကြောင်း မီဒီယာများက မကြာခဏ ဖော်ပြကြသော်လည်း NUGအစိုးရကမူ ယင်းနှင့်ပတ်သက်ပြီး တစ်စုံတစ်ရာ လုပ်ဆောင်နေကြောင်း မကြားရသေးပေ။
“ ကျတော်အမြင်ကတော့ NUG က နိုင်ငံခြားရေးရော၊ စစ်ရေးမှာပါ ခေါင်းဆောင်တွေက ညံ့ဖျင်းကြတယ်။ ထိုင်းနဲ့လည်း ခိုင်မာတဲ့ဆက်ဆံရေး မတည်ဆောက်ထားနိုင်ဘူး။ စကစနဲ့ ထိုင်းဆက်ဆံရေးကိုလည်း သူတို့က မတားဆီးနိုင်ဘူး” ဟု နိုင်ငံရေးဆောင်းပါးရှင် ဆရာနောင်ဘို က ပြောသည်။
ထိုင်းအစိုးရနှင့် NUGအစိုးရကြား ဆက်ဆံရေးကောင်းမရှိသေးခြင်းကြောင့် ထိုင်းရောက်မြန်မာများအရေး အကာအကွယ်မပေးနိုင်ခြင်းဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။