By Ko Paing / MPA
လမ်းမပေါ် တွေ့ရာလူ ပေါ်တာလိုက်ဆွဲခြင်းကြောင့်ဟုဆိုကာ စစ်ကောင်စီ ဖမ်းဆီးသွားသော အင်းစိန်၊ အရှေ့ ကြို့ကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူးကို ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့၊အင်းစိန်မြို့နယ်၊အရှေ့ကြို့ကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူး စောဝင်းလွင်နှင့်အဖွဲ့သည် စစ်မှုထမ်းအတွက် လမ်းမပေါ်တက်၍ ပေါ်တာဆွဲခဲ့ရာ ပေါ်တာဆွဲခံရသူတစ်ဦးက စစ်ကောင်စီရာထူး အကြီးပိုင်းတစ်ဦးကို တိုင်လိုက်သဖြင့် ဖေဖေါ်ဝါရီ ၂၁ ရက်တွင် ယင်းအုပ်ကြီးနှင့်နောက်လိုက်သုံးဦးတို့အား စစ်ကောင်စီက ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း Rangoon Scout Network က သတင်းထုတ်ပြန် ထားသည်။
အုပ်ကြီး စောဝင်းလွင်နှင့် ပတ်သက်၍ Rangoon Scout Network မှ တာဝန်ရှိသူ တစ်ဦးက “စစ်မှုထမ်း မပါချင်ရင် လစဉ်ကြေးပေးဆိုပြီး တောင်းတာတွေ၊ ရပ်ကွက်ထဲ အကြောင်းအမျိုး မျိုးပြ ပိုက်ဆံတောင်းတာတွေ လုပ်တယ်ဗျ။ ဧည့်စစ်တာတွေ၊ လူလိုက်ဖမ်းတာတွေလည်း ကြားပါတယ်။ စစ်မှုထမ်းလူစုဆောင်းဖို့အတွက်လည်း လမ်းပေါ် လူလိုက်ဆွဲတဲ့ အဖွဲ့ဖွဲ့ထားတယ်။ခု ယာယီ အဖမ်းခံရတယ်ဆိုတာ အဲ့ကိစ္စကြောင့်လို့ သိရပါတယ်ဗျ”ဟု MPA သို့ ပြောသည်။
အုပ်ကြီး စောဝင်းလွင်ကို စစ်တပ်အကြီးပိုင်းများက ဖြေရှင်းပေးလိုက်၍ ပြန်လွတ်လာကြောင်း ယခင်ရက်များတွင် အခြားနေရာ၌ ခေတ္တရှောင်တိမ်းနေရာမှ ယနေ့ (ဖေဖော်ဝါရီ ၂၆ ရက်) မွန်းလွဲတစ် နာရီခန့်တွင် အရှေ့ကြို့ကုန်းရပ်ကွက်၊ နှစ်လမ်းထိပ် အလက လေး ကျောင်းဘေး လက်ဖက်ရည်ဆိုင်၌ ၎င်း၏နောက်လိုက်များနှင့်အတူ ထိုင်နေကြောင်း ဖေဖေါ်ဝါရီ ၂၅ ရက်ညက နေအိမ်၌ ပြန်မအိပ်ဘဲ တစ် လမ်း အုပ်ကြီးရုံး၌ အိပ်ကြောင်း Rangoon Scout Network က သတင်းထုတ်ပြန်သည်။
၎င်းဖမ်းဆီးခံထားရချိန်တွင် အရှေ့ကြို့ကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးနေရာကို ရဲဝင်း ဆိုသူနှင့် သောင်းလှိုင်ဦး ဆိုသူက ယာယီလွှဲပြောင်းယူထားပြီး လက်ရှိအခြေအနေကိုမူ မသိသေးရပေ။
“အဲ့အကြောင်း စုံစမ်းနေဆဲပါဗျ။ မနေ့ကထိတော့ သူ့နောက်လိုက် နှစ်ယောက် အုပ်ကြီးနေရာ ပူးတွဲယူထားတယ်လို့ပဲ သိထားပါသေးတယ်”ဟု Rangoon Scout Network မှ တာဝန်ရှိသူက ပြောသည်။
Rangoon Scout Network သည်ရန်ကုန်တိုင်းအတွင်း စစ်ကောင်စီ လှုပ်ရှားမှုနှင့် ထူးခြားဖြစ်စဥ်များကို အဓိကထား စုစည်းတင်ပြပေးနေသော နွေဦးတော်လှန်ရေးစာမျက်နှာ ဖြစ်သည်။