By Ra Wai / MPA
ရန်သူကို မထောက်မညှာတမ်း တိုက်ခိုက်၍ ပြည်သူအပေါ် အဖြောင့်မတ်ဆုံး ရိုးသားရန် အမျိုးသားညီညွှတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားခဲ့သည်။
ဖေဖော်ဝါရီ ၂၅ ရက်၊ အမျိုးသားညီညွှတ်ရေးအစိုးရအဖွဲ့ အစည်းအဝေး၌ ယာယီသမ္မတ ဒူဝါလရှီးလက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“ကျတော်တို့ဟာ ရန်သူ့ အပေါ်မှာ မထောက်မညှာတမ်း တိုက်ခိုက်ပြီး၊ ပြည်သူ့အပေါ်မှာတော့ အဖြောင့်မတ်ဆုံး ရိုးသားနိုင်ဖို့ လိုပါသည်။ ဒါဟာ တော်လှန်ရေးကျင့်ဝတ်ဖြစ်သလို၊ ကျတော်တို့ ခံယူရမယ့် သဘောထားလို့လည်း ထင်ပါသည်။ ကျတော်တို့ အစိုးရအပေါ် ဝေဖန်လာတဲ့ဝေဖန်ချက်တွေကို အလုပ်နဲ့ သက်သေပြပြီး ပြန်လည် ချေပနိုင်စွမ်း ရှိရမယ်လို့ ပြောချင်ပါတယ်”ဟု ယာယီသမ္မတက ပြောသည်။
မြန်မာနိုင်ငံမှာ ကမ္ဘာ့နိုင်ငံကြီးတို့၏ ပထဝီနိုင်ငံရေးအားပြိုင်မှုများကြားထဲ၌ ပြည်တွင်းနိုင်ငံရေးကို ရုန်းထ နေရသည့် အခြေအနေ၌ ရှိပြီး ဒေသတွင်း အင်အားကြီးနိုင်ငံများ၏ ပါဝင်ပတ်သက်မှုများ သည် ပြည်တွင်းရေးအခြေအနေများကို ပဋိပက္ခသက်ဆိုး ရှည်အောင် အပံ့အပိုးဖြစ်နေကြောင်း ၎င်းကဆိုသည်။
” ကျတော်တို့အနေနဲ့ ဒေသတွင်းနိုင်ငံတွေရဲ့ လက်တွေ့နိုင်ငံရေးအခင်းအကျင်းကို လက်တွေ့ကျကျ ရှုမြင်ပြီးတော့ အလှည့်အပြောင်းဖြစ်လာတဲ့ နိုင်ငံရေးအတိမ်းအညွှတ်တွေမှာ လူထုအတွက် ဘယ်လို အကောင်း ဖြစ်အောင် လုပ်ကြမလဲဆိုတာကြိုတင် စဉ်းစားထားကြဖို့ လိုပါသည်။ ကျတော်တို့အနေနဲ့လက်ရှိ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ် အပါအဝင် အိန္ဒိယနိုင်ငံတွေနဲ့ ပတ်သက်ပြီး ဘယ်လိုမဟာဗျူဟာမြောက်ချည်းကပ်မှုတွေ ထပ်တိုးလုပ်ဆောင်မလဲဆိုတာ လေးလေးနက်နက် အဖြေရှာကြဖို့ ဖြစ်ပါတယ် ”ဟု ၎င်းကဆိုသည်။
၂၀၂၅ ခုနှစ်သည် စစ်ရေး၊ နိုင်ငံရေး၊ နိုင်ငံခြားရေး၊ အုပ်ချုပ်ရေး စသည့် ကဏ္ဍစုံတွင် ရလဒ်ကောင်းများ၊ အဖြေကောင်းများထွက်အောင် အစွမ်းကုန်ရုန်းကန်ကြရမည့်နှစ်ဖြစ်ပြီး အစိုးရအဖွဲ့ဝင်များအားလုံး ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင်နှင့် အလုပ် ပိုလုပ်ကြရမည့် နှစ်တစ်နှစ်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း ယင်းအစည်းအဝေး၌ ပြောကြားခဲ့သည်။
ဖြစ်ပေါ်လာသည့် နိုင်ငံရေးအပြောင်းအလဲ အခြေအနေများအပေါ် မျက်ခြေမပြတ်ဘဲ ရည်မှန်းထားသည့် တော်လှန်ရေးလုပ်ငန်းစဥ်များကိုလည်း မဟာဗျူဟာ ကျကျ မတိမ်းစောင်း မယိမ်းမယိုင်စေကာ အချိန်အရင်းအမြစ်၊ ဘဏ္ဍာအရင်းအမြစ်၊ လူ့စွမ်းအားအရင်းအမြစ်များနှင့် စနစ်တကျစီမံခန့်ခွဲရင်းဆောင်ရွက်ကြရန် တိုက်တွန်းကြောင်းလည်း ၎င်းကပြောသည်။