By Ra Wai / MPA
မန္တလေးမြို့၊ အိုးဘိုအကျဉ်းထောင်၌ ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရသဖြင့် နိုင်ငံရေးအကျဉ်းသားတစ်ဦး ထပ်မံကျဆုံးခဲ့ကြောင်းသိရသည်။
နိုင်ငံရေးအကျဉ်းသား ကိုအောင်ထွန်းသည် ကျန်းမာရေးကောင်းမွန်သူတစ်ဦးဖြစ်ပြီး စတင်ဖမ်းဆီးခံရစဉ်က မည်သည့်ရောဂါမှ ဖြစ်ပွားခြင်းမရှိခဲ့ကြောင်း အိုးဘိုထောင်ထဲရောက်မှသာ ခန္ဓာကိုယ်၌ အနာများပေါက်၍ ပိုးဝင်ကာ ထောင်ဆေးရုံ၌ ဆေးကုသမှုခံယူနေစဉ် ဖေဖော်ဝါရီ ၁၈ရက်တွင် ကျဆုံးခဲ့ပြီး ရုပ်အလောင်းကို ပြန်လည်ယူဆောင်ခွင့်မပေးကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်က ယနေ့(ဖေဖေါ်ဝါရီ ၂၅ ရက်) သတင်းထုတ်ပြန်သည်။
” အနာပေါက်တယ်ဆိုတာ ယားနာထက် အနာစိမ်းတွေ၊ နည်းနည်းဖုကြီးတဲ့ အနာစိမ်းတွေ ပေါက်တာလို့ပြောလို့ရပါတယ်ဗျ။ လက်ရှိအခြေအနေကတော့ ထောင်ထဲမှာ ဆေးဝါးကုသမှု လုံလောက်စွာမရရှိဘူးဆိုတာ ရဲဘော်တွေကျ(ကျဆုံး)တိုင်း ပြောခဲ့ရတဲ့အခြေအနေပေါ့။ ခုဆိုရင် ကျတော်တို့ ပြောလာတာလည်း လူအရေအတွက်ပေါင်းလည်း ၅၀ ကျော်နေပြီပေါ့လေ။ ယနေ့အချိန်ထိတော့ ကျတော်တို့ ဒီလိုမျိုးသေဆုံးမှုတွေနဲ့ပတ်သက်ပြီး ပြောရတဲ့အချိန်တိုင်းမှာတော့ ထောင်တွင်းဆေးဝါးလုံလောက်မှုမရှိတဲ့အခြေအနေဟာ ၂၀၂၄ မှာထက် ၂၀၂၅ မှာ အဆိုးဝါးဆုံးအ ခြေအနေဖြစ်လာတယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်၊ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက MPA သို့ပြောသည်။
ထောင်တွင်းသေဆုံးမှုများကို ပြင်ပသို့ မပေါက်ကြားစေရန် ရုပ်အလောင်းကို ပြင်ပသို့ ပြန်လည်ယူ ဆောင်ခွင့် မပေးခြင်းဖြစ်နိုင်ကြောင်း သိရသည်။
” ဒါဟာ ထောင်တွင်းသေဆုံးမှုတွေ မြင့်တက်နေတဲ့အပေါ်ကို သတင်းမထွက်ဖို့၊ သတင်းဖုံးဖို့အတွက် လုပ်ဆောင်နေတဲ့လုပ်ဆောင်ချက်လို့ပဲ ကျတော်တို့ယူဆပါတယ်” ဟု ၎င်းကဆက်လက်ပြောသည်။
ကိုအောင်ထွန်းသည် ၂၀၂၂ ခုနှစ်၊ ဧပြီ ၁၅ ရက်တွင် မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ ရဲတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းကိုခံခဲ့ရပြီး ပုဒ်မ ၅၀၅ က ဖြင့် ၂၀၂၂ ခုနှစ်စက်တင်ဘာ ခြောက်ရက်၌ ထောင်ဒဏ်သုံးနှစ် ချမှတ်ခံခဲ့ရသူဖြစ်သည်။