By Ko Paing/MPA
ကရင်နီပြည်နယ်၊ မိုးဗြဲအခြေစိုက် ခမရ -၄၂၂ တပ် တာဝန်ကျ စစ်မှုထမ်းစုဆောင်းခံရသူတပ်သား သုံးဦးသည် လက်နက်ခဲယမ်းများယူဆောင်လာပြီး ပြည်သူ့ရင်ခွင် ခိုလှုံလာကြောင်း သိရသည်။
ဖေဖော်ဝါရီ ၂၄ ရက်တွင် မိုးဗြဲအခြေစိုက် ခမရ ၄၂၂ တပ် တာဝန်ကျ ခမရ ၅၁၈ တပ်ရင်းမှ စစ်မှုထမ်းစုဆောင်းခံရသူ သုံးဦးသည် MA-1 သေနတ် တစ်လက်၊ MA-3 သေနတ် နှစ်လက်နှင့်ကျည် ၁၂၀ တို့ယူဆောင်လာပြီး အလင်းဝင်လာခြင်းဖြစ်ကြောင်း ဖယ်ခုံ PDF (၁၀၀၆ တပ်ရင်း) က ယနေ့ (ဖေဖော်ဝါရီ ၂၅ ရက်) ထုတ်ပြန်သည်။
“သူတို့က စစ်မှုထမ်းဥပဒေနဲ့ စစ်ကောင်စီထံရောက်လာတဲ့သူတွေပါ။ကျတော်တို့ဆီချိတ်ဆက်ပြီး သူတို့ကိုယ်တိုင်ရောက်အောင်လာခဲ့ကြတာပါ”ဟု ဖယ်ခုံ PDF (၁၀၀၆တပ်ရင်း)မှ သတင်းနှင့်ပြန်ကြား ရေး တာဝန်ခံက MPA သို့ ပြောသည်။
စစ်တပ်က ပြည်သူလူထုအပေါ် နှိပ်စက်အကြမ်းဖက်မှုများကို လက်သင့်မခံနိုင်သောကြောင့် ဓမ္မတရားအတွက် အရဲစွန့် ရုန်းထွက်လာရခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုကြပြီး စစ်ကောင်စီကို ပြန် တိုက်မည်ဟုလည်း ပြောကြောင်း ဖယ်ခုံ PDF (၁၀၀၆ တပ်ရင်း) မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ဆိုသည်။
လက်နက်ခဲယမ်းများ အလင်းဝင်လာသော ၎င်းတို့သုံးဦးကို ကျပ်သိန်း ၃၀ စီ ချီးမြှင့်ခဲ့ကြောင်း သိရသည်။