By Ko Paing / MPA
ရန်ကုန်မြို့တွင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဖဆပလရပ်ကွက်အတွင်း မှောင်ရိပ်ခိုနေသည်ဆိုသော အကြောင်းပြချက်ဖြင့် အမျိုးသားနှစ်ဦးကို ရဲများက ဖမ်းဆီးသွားကြောင်း သိရသည်။
ဖဆပလဈေးထိပ်ရှိ လက်ဖက်ရည်ဆိုင်၌ အလုပ်လုပ်နေသူ အမျိုးသားနှစ်ဦးကို လျှပ်စစ်မီးပြတ် တောက်နေသည့် ဖေဖေါ်ဝါရီ ၂၃ ရက်၊ ည ခုနှစ်နာရီခန့်တွင် အိမ်စီးကားဖြင့် ရောက်လာသည့် အရပ်ဝတ်ရဲများက ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း Rangoon Scout Network က ဖေဖေါ်ဝါရီ ၂၄ ရက်ည၌သတင်းထုတ်ပြန်ခဲ့ကာ နောက်ဆက်တွဲအခြေအနေများကို စုံစမ်းနေဆဲဟုလည်း Rangoon Scout Network တာဝန်ရှိသူတစ်ဦးကဆိုသည်။
“အဲဒီဆိုင်က နေ့ခင်းဘက် လက်ဖက်ရည်ဆိုင်၊ ညဘက်မှာ ဘီယာရောင်းတာ။ ကိုယ်တို့ သိရသလောက် ဖဆပလရပ်ကွက်ထဲက ဘီယာထိုင်သောက်နေတဲ့ လူငယ်နှစ်ဦးကို ဖမ်းသွားတာ။ အခုထိ ပြန်မလွတ်သေးဘူး” ဟု ဖဆပလရပ်ကွက်နေ အမျိုးသားကြီးတစ်ဦးက ယနေ့(ဖေဖေါ်ဝါရီ ၂၅ ရက်) မွန်း လွဲပိုင်းတွင် MPA သို့ ပြောသည်။
ယင်းလူငယ်နှစ်ဦးကို အကြောင်းမဲ့ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
“ဖမ်းတဲ့ထဲ အသက်မပြည့်သေးသူတွေပါလာရင်တော့ ငွေမတောင်းဘဲ ပြန်လွှတ်တတ်ပါတယ်ဗျ။
ကျန်တဲ့သူတွေကတော့ ငွေမတောင်းတာ မရှိသလောက်ပါပဲ။ အနည်းဆုံးတော့ ဒဏ်ကြေးဖြစ်ဖြစ်တောင်းလေ့ရှိပါတယ်ဗျ”ဟု Rangoon Scout Network မှ တာဝန်ရှိသူတစ်ဦး ကပြောသည်။
ဖဆပလရပ်ကွက်၊ မြဝတီဝင်းဘက်ခြမ်းတွင် အမျိုးသား တစ်ဦး မူးယစ်သောင်းကျန်းနေသည်ကို လာရောက်ဖမ်းဆီးရင်း အထက်ပါအမျိုးသားနှစ်ဦးအား ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း Rangoon Scout Network ကထုတ်ပြန်ထားသည်။