By Ko Paing / MPA
ရန်ကုန်မြို့၊ တောင်ဥက္ကလာပနှင့် သင်္ဃန်းကျွန်းမြို့နယ်တွင် စစ်သားများက ဧည့်စာရင်းစစ်ရင်း အိမ်ရှင်တို့ထံက ငွေတောင်းရမ်းနေကြောင်း သိရသည်။
ဖေဖေါ်ဝါရီ ၂၀ ရက်ကျော်တွင် တောင်ဥက္ကလာနှင့်သင်္ဃန်းကျွန်း၌ ဧည့်စာရင်းစစ်သည့်စစ်သားတို့က လက်ဖက်ရည်ဖိုးဟုဆိုကာ ငွေတောင်းရမ်းကြခြင်းဖြစ်ကြောင်း ယင်းမြို့နယ်များအတွင်း နေထိုင်သူ အချို့က ဆိုသည်။
“ဧည့်စာရင်းစစ်ပြီးတော့ သေနတ်ကိုင်ထားတဲ့ တစ်ရစ်မှ မရှိတဲ့ကောင်က နောက်ချန်နေခဲ့ပြီး လက် ဖက်ရည်ဖိုးတောင်းတယ်။ ၅၀၀၀ ထုတ်ပေးလိုက်တော့ ၁၀,၀၀၀ တောင်းလို့ ကြောက်တော့လည်း ပေးလိုက်ရတယ်”ဟု တောင်ဥက္ကလာပ ၊၃၁ ဂိတ်ဟောင်းအနီးနေ ပြည်သူတစ်ဦးက MPA သို့ ပြောသည်။
ဧည့်စာရင်းအစစ်ခံရသည့် အိမ်တိုင်းနီးပါးကို အနည်းဆုံး ကျပ် ၁၀,၀၀၀ တောင်းခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
“အဲစစ်သားက သူ့သဘောနဲ့သူ တောင်းတာတော့ မဟုတ်ဘူး။ တခြားဧည့်စာရင်းစစ်တဲ့သူတွေလည်း ကြားတယ်ဆိုတော့ သူတို့အရာရှိ တောင်းခိုင်းတာ ထင်တယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
သင်္ဃန်းကျွန်းမြို့နယ်၊ ဇဝနလမ်းဆုံအနီးနေ အမျိုးသမီးတစ်ဦးကလည်း ယခုရက်ပိုင်းအတွင်း ဧည့်စာရင်းစစ်သည့်စစ်သားများ ငွေတောင်းရမ်းနေသည်ဟု သိရကြောင်း ဆိုသည်။
“ကိုယ်တိုင်ကြုံရတာတော့ မဟုတ်ဘူး။ဆွေမျိုးထဲက ကြုံတာ။ ညဘက် ဧည့်စာရင်းစစ်ပြီးရင် အရာရှိတွေကို ကျွေးရမှာလို့ပြောတယ်။ အုပ်ကြီးတွေ တောင်းတာမဟုတ်ဘူး။ စစ်သားကတောင်းတာ။ အတောင်းခံရတဲ့အိမ်က လုံးချင်းတိုက်ဆိုတော့ အဆင်ပြေမှန်းသိလို့ တောင်းတာလားမသိဘူး။ ၂၀,၀၀၀ ပေးလိုက်ရတယ်” ဟု ၎င်းက ပြောသည်။
သင်္ဃန်းကျွန်းမြို့နယ်အတွင်း ဧည့်စာရင်းအစစ်ခံရသည့် အခြားသောအိမ်များကို ငွေတောင်း၊ မတောင်း မသိကြောင်း ၎င်းက ဆက်လက်ပြောသည်။
ရန်ကုန်မြို့တွင် ညဘက် ဧည့်စာရင်းစစ်ခြင်းနှင့် လူဖမ်းခြင်းတို့ကို စစ်တပ်က တောက်လျှောက်ပြုလုပ်နေကြောင်း Rangoon Scout Network ၏ ထုတ်ပြန်ချက်များအရ သိရသည်။