By Nway / MPA
တရုတ်အစိုးရ၏စီစဥ်မှုအရ တရုတ်နိုင်ငံ၊ ကူမင်းမြို့ရှိ ဟိုင်ဂင်ဟိုတယ်တွင် ပြုလုပ်သော TNLA နှင့် စစ်ကောင်စီ၏ ဆွေးနွေးပွဲသည် အောင်မြင်မှုမရဘဲ ပြီးဆုံးခဲ့ကြောင်းသိရသည်။
ဖေဖော်ဝါရီ ၁၆ရက် နှင့် ၁၇ ရက်ဆွေးနွေးပွဲတွင် နှစ်ဖက်တောင်းဆိုတင်ပြမှုများ အပြန်အလှန်ပြုလုပ်ခဲ့ကြပြီး ဆွေးနွေးညှိနှိုင်းရန် ခက်ခဲသဖြင့် ၁၇ ရက်ညနေပိုင်း၌ တွေ့ဆုံပွဲ ပြီးဆုံးခဲ့ကြောင်း TNLA က ယနေ့ ( ဖေဖော်ဝါရီ ၁၉ရက် ) သတင်းထုတ်ပြန်သည်။
“ဆွေးနွေးပွဲ မအောင်မြင်နိုင်ဘူးဆိုတာ အားလုံးက မျှော်လင့်ပြီးသားပါ။TNLA ကလည်း တရုတ်ဖိ အားကြောင့် ဆွေးနွေးပွဲသွားတာလို့ နားလည်ရတယ်။စစ်ကောင်စီက ဘယ်လောက်တောင် အောက် တန်းကျသလဲဆိုရင် ဆွေးနွေးခါနီးအချိန် TNLA အုပ်ချုပ်နယ်မြေကို ဗုံးကြဲတာပဲ”ဟု ရန်ကုန်အ ခြေစိုက် နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးက MPAသို့ပြောသည်။
TNLA က နှစ်ဖက်တပ်များရောက်ရှိသည့်နေရာတွင် ရပ်တန့်ထားပြီး အပစ်အခတ်ရပ်စဲရန်၊နှစ်ဖက်စလုံး ထိုးစစ်များပြုလုပ်ခြင်း၊ ဒရုန်းဖြင့်တိုက်ခိုက်ခြင်း၊ လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ လေယာဉ်ဗုံးကြဲချခြင်းအစရှိသည့် စစ်ရေးလှုပ်ရှားမှုများအားလုံး ရပ်တန့်ရန်၊ နှစ်ဖက်ထိန်းချုပ်နယ်မြေဒေသများတွင် ဒေသခံပြည်သူများ စားဝတ်နေရေးနှင့် ဆေးဝါးများ သယ်ဆောင်နိုင်ရန်အတွက် ဖြတ်သန်းသွားလာခွင့်ပြုရန် ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။
သို့သော် နှစ်ဖက်ညှိနှိုင်းဆွေးနွေးမှုခက်ခဲသည့်အခြေအနေရှိသောကြောင့် သက်ဆိုင်ရာအဖွဲ့အ စည်းများအကြား ဆွေးနွေးပြင်ဆင်မှုများ ပြုလုပ်ပြီးပါက နောက်တစ်ကြိမ်ပြန်လည်တွေ့ဆုံနိုင်ရန် တရုတ်အစိုးရ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်းက ဦးဆောင်ဆွေးနွေးကာ တွေ့ဆုံမှုအား အဆုံးသတ်ခဲ့ကြောင်း TNLA က ဆိုသည်။
နှစ်ဖက်တွေ့ဆုံဆွေးနွေးရန် TNLA ကိုယ်စားလှယ်များ ကူမင်းမြို့သို့ စတင်ရောက်ရှိသည့် ဖေဖော်ဝါရီ ၁၅ရက်တွင် စစ်ကောင်စီတပ်က နောင်ချိုမြို့နယ်ကို လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခြင်းနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။
ယင်းတွေ့ဆုံပွဲကို TNLA ဘက်မှဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားက ဦးဆောင်ခဲ့ပြီး စစ်ကောင်စီဘက်က ကစထတစ်မှူး ဒုဗိုလ်ချုပ်ကြီး ကိုကိုဦးက ဦးဆောင်ခဲ့ကြောင်း သိရသည်။
စာတည်း-ml