By Nway / MPA
နွေဦးတော်လှန်ရေးသည် စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ရမည့်ပွဲဖြစ်ပြီးအချိန်မဆွဲဘဲ တော်လှန်ရေးအင်အားစုများ အားလုံး အတူရုန်းကြရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက တိုက်တွန်းလိုက်သည်။
ဖေဖော်ဝါရီ ၁၈ ရက်၊ NUG အစိုးရအဖွဲ့ အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ယင်းကဲ့သို့ တိုက်တွန်းခဲ့ခြင်းဖြစ်သည်။
” ကျတော်တို့ မညီညွတ်ရင် အရင့်အရင် ကာလတွေလိုမျိုးပဲ တစ်ဖွဲ့ချင်းစီကို ဖဲ့ထုတ်ပြီး သွေးခွဲရေးလမ်းစဥ်နဲ့ တော်လှန်ရေးကို အင်အားချိနဲ့အောင် လုပ်လာမှာပဲ ဖြစ်ပါတယ်။ ဒီအခြေအနေမျိုးတွေ ထပ်ခါထပ်ခါဖြစ်မလာအောင် ကျတော်တို့အားလုံး ရုန်းကန် ကျော်လွှားကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်” လို့ ပြည်ထောင်စုဝန်ကြီးချုပ်က ပြောသည်။
တော်လှန်ရေးတစ်ရပ်သည် အချိန်ကြာလာသည်နှင့်အမျှ စိန်ခေါ်မှုများလည်း ပိုများလာတတ် ကြောင်း၊ ရန်သူသည် နှစ်ပေါင်းများစွာ ဒီမိုကရေစီအရေး လှုပ်ရှားသူများကို နည်းမျိုးစုံ၊ ပုံစံမျိုးစုံနှင့် နှိပ်ကွပ်ပြီး နိုင်ငံတကာ မျက်နှာစာပေါ်ပြန်၊ပြန် တက်လာသဖြင့် ရန်သူကို အထင်ကြီးစရာလည်း မလိုသလို အထင်သေး၍လည်းမရကြောင်း ၎င်းကဆိုသည်။
“ သူတို့ဟာ အချိန်တိုင်းမှာ ပြည်သူကို နှိပ်စက်ဖို့ အတွေးတွေအပြင် အချင်းချင်းသွေးခွဲဖို့ နည်းလမ်းရှာနေသူတွေဖြစ်သလို နိုင်ငံတကာမျက်နှာစာပေါ်ကိုလည်း ရတဲ့နည်းနဲ့ တက်နိုင်ဖို့ ကြိုးစားနေကြမယ့်လူတွေ ဖြစ်ပါတယ်။ ဒါကို ကျွန်တော်တို့အနေနဲ့ သတိကြီးကြီးထားပြီး စောင့်ကြည့်နေဖို့လိုသလို ပြင်ဆင်သင့်တာတွေကို ကြိုပြင်ဆင်ကြရမှာ ဖြစ်ပါတယ်” ဟု ၎င်း ဆက်လက်ပြောသည်။
ယင်းအစည်းအဝေး၌ပြည်ထောင်စု ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က စစ်တောင်းအလွန်ခရီးစဉ် Report ကို တင်ပြ ဆွေးနွေးခဲ့ကြောင်းသိရသည်။