By Ra Wai / MPA
မွန်ပြည်နယ်၊ သထုံမြို့ကို PDF တို့ ဝင်တိုက်တော့မည်ဟု စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိဖြင့် ကောလာဟလ ဖြန့်ဝေမှုများ ပြုလုပ်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ယခုနှစ် (၂၀၂၅ ခုနှစ်)၊ ဖေဖော်ဝါရီ ၁၉ ရက်တွင် သထုံမြို့ကို PDF က စီးနင်းတိုက်ခိုက်တော့မည်ဆိုသည့် သတင်းကို သထုံမြို့အခြေစိုက် စစ်တပ်က ယခုရက်ပိုင်းအတွင်း ဖြန့်ချီနေခြင်းဖြစ်သည်ဟု သထုံမြို့၊ မင်းလမ်းနေ ပြည်သူတစ်ဦးက MPA သို့ပြောသည်။
“အရင်လတုန်းကလည်း သထုံကို PDF တွေ ညဦးပိုင်းမှာ ဝင်စီးမယ်ဆိုပြီး သတင်းထွက်သေးတယ်။ အဲ့ဒီသတင်းက ထွေအုပ်ရုံးကနေ စထွက်လာတာ၊ သထုံမြို့သားတွေက ပထမ တကယ်ထင်ပြီး လန့် တာပေါ့၊ ပြီးတော့မှ သထုံစစ်တပ်က မဟုတ်မမှန်လိမ်ညာမှန်း သိတော့တယ်။အခု ဒီတစ်ခါ သထုံကို PDF ဝင်မယ်လုပ်ပြန်တော့ ပြည်သူတွေ အေးဆေးပဲ၊ သဘောပေါက်နေပြီ”ဟု ၎င်းက ပြောသည်။
သထုံစစ်တပ်သည် ရှေ့တန်းမထွက်ချင်သဖြင့် သထုံမြို့ကို PDF တို့ ဝင်တိုက်တော့မည်ဟု ကောလာဟလသတင်း ထုတ်လွှင့်နေသည်ဟု ဒေသခံတို့က ထင်မြင်ကြကြောင်း ၎င်းက ဆိုသည်။
မွန်ပြည်နယ်ပကဖ ဒုတာဝန်ခံ စောထူးအောင်ကလည်း “သူတို့က အပေါ်ကို လိမ်ချင်နေတာရယ်၊ ပြည်သူတွေတမင် ရုတ်ရုတ်သဲသဲဖြစ်အောင် လုပ်ချင်နေတာပါ”ဟု ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီ၂၀ရက်ဝန်းကျင်ကလည်း သထုံမြို့ကို PDF ဝင်စီးတော့မည့်သတင်းအား သထုံ စစ်ကောင်စီအသိုင်းအဝိုင်းက ဖြန့်ချိခဲ့ရာ မွန်ပြည်နယ်ပကဖတာဝန်ရှိသူက ကောလာဟလသာဖြစ်ကြောင်း ငြင်းဆိုခဲ့သည်။
“အဲ့ဒီတုန်းက သထုံမှာ တစ်ချက် ဟိုးလေးတကျော်ဖြစ်သွားပေးမဲ့ မွန်ပြည်နယ်ပကဖ က ပြည်သူတွေ မစိုးရိမ်ကြဖို့၊သထုံကို ဝင်တိုက်ဖို့ အစီအစဉ် မရှိသေးဘူးလို့ ပြောတော့မှ ငြိမ်သွားတယ်”ဟု သထုံ မြို့၊ ဘင်လှိုင်ရပ်ကွက်သားတစ်ဦးက ပြောသည်။
သထုံနှင့် ဘီးလင်းမြို့နယ်အတွင်း တိုက်ပွဲများ ပြင်းထန်တော့မည်ဆိုသည့် သတင်း ဇန်နဝါရီ၁၅ ရက်ဝန်းကျင်က ထွက်ပေါ်ခဲ့သေးရာ ဒေသခံများ ရိက္ခာဝယ်စုခဲ့ကြသေးသည်။
ယမန်နှစ် (၂၀၂၄ ခုနှစ်)၊ ဧပြီလကလည်း ကော့ကရိတ်မြို့စောင့်တပ်များသည် ရှေ့တန်းထွက်ရမည်ကို စိုးရိမ်သဖြင့် လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး ကော့ကရိတ်မြို့ အခြေအနေမကောင်းတော့သည့်ပုံစံပြုလုပ်ကာ လုပ်ကြံမှုများ ပြုလုပ်ခဲ့သေးသည်။