By Nway / MPA
ရက်ပေါင်း ၉၀ ဆိုင်းငံ့ကာလအပြီးတွင် အမေရိကန်ပေးမည့် လူသားချင်းစာနာမှုအကူအညီကို မြန်မာနိုင်ငံက ပိုမိုရရှိမည်ဟု မျှော်လင့်ကြောင်း NUG အစိုးရ၊သမ္မတရုံး ပြောခွင့်ရကဆိုသည်။
ယနေ့ (ဖေဖော်ဝါရီ ၁၈ ရက်) ပြုလုပ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်သူလူထုနှင့်နိုင်ငံတကာသို့သတင်းစကားပြောကြားခြင်း (Press Briefing) အစီအစဉ်၌ ၎င်းက အထက်ပါအတိုင်းပြောသည်။
” ရက်၉၀ ဆိုင်းငံ့ကာလအနေနဲ့ ခေတ္တခဏ ရပ်ဆိုင်းထားတာကြောင့် မြန်မာအပါအဝင် တစ်ကမ္ဘာလုံးက ဒုက္ခသည်တွေကို အကျိုးသက်ရောက်မှုရှိနေပါတယ်။ ပြန်လည်သုံးသပ်ပြီးရင် အမေရိကန်နိုင်ငံခြားရေးမူဝါဒနဲ့ ကိုက်ညီတဲ့ အကူအညီတွေကို ဆက်လက်ပေးမယ်ဆိုတာ ကြားသိရပါတယ်။ ခေတ္တရပ်ဆိုင်းထားတဲ့ကာလအပြီးမှာ အမေရိကန်ပြည်ထောင်စုအနေနဲ့ ဒုက္ခရောက်နေတဲ့ မြန်မာလူထုကို ပေးတဲ့ လူသားချင်းစာနာမှုအကူအညီတွေ ပိုမိုပေးလာမယ်လို့ မျှော်လင့်ပါတယ်” ဟု ဦးကျော်ဇောက ပြောသည်။
မြန်မာနိုင်ငံတွင် စစ်ကောင်စီကြောင့် အရပ်သားနေအိမ်တစ်သိန်းကျော် ပျက်စီးခဲ့ပြီး ပြည်တွင်း၌ စစ်ဘေးရှောင် ဒုက္ခသည်လေးသန်းရှိနေကာ ၁၅သန်းမှာ လူသားချင်းစာနာထောက်ထားမှု အကူအညီများ အထူးလိုအပ်နေကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
” အမေရိကန်အစိုးရနဲ့ အမေရိကန်ပြည်သူလူထုရဲ့ လူသားချင်းစာနာမှုအကူအညီတွေပေးရာမှာ မြေပြင်က အုပ်ချုပ်မှု ဝန်ဆောင်မှုပေးနေတဲ့ Local Governance နဲ့ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက် လုပ်ကိုင်ခြင်း၊ နယ်စပ်ဖြတ်ကျော် Cross Border ကူညီပေးခြင်းများဖြင့် ပိုကောင်းတဲ့ ပိုမိုကုန်ကျမှု မရှိတဲ့ လူသားချင်းစာနာမှုအကူအညီတွေကို လိုအပ်သူများထံ တိုက်ရိုက်ပေးနိုင်မှာဖြစ်ပါတယ် ” ဟု ၎င်းကပြောသည်။
ဒေါ်နယ်ထရန့်သည် အမေရိကန်သမ္မတအဖြစ် တာဝန်စတင်ထမ်းဆောင်ချိန်မှစ၍ ကမ္ဘာတစ်ဝန်းသို့ အမေရိကန်ပေးနေသည့်အကူအညီအားလုံးနီးပါးကို ရက်ပေါင်း ၉၀ ကြာ ဆိုင်းငံ့ထားရန်အမိန့် ထုတ်ပြန်ခဲ့သည်။
အမေရိကန်နိုင်ငံ၏ ပြည်တွင်းလုံခြုံရေးကို အထူးခြိမ်းခြောက်နေသည့် နိုင်ငံအဖြစ် မြန်မာနိုင်ငံအား သမ္မတထရမ့်လက်ထက်တွင် ဆက်လက်သတ်မှတ်ခဲ့သည်။