By Ra Wai / MPA
ပြည်သူ့စစ်မှုထမ်းအဖြစ် အဓမ္မသွတ်သွင်းခြင်းခံခဲ့ရသည့် တပ်သားသစ်သုံးဦး သေနတ်များ သယ် ဆောင်လာကာ အလင်းဝင်လာကြောင်း ကေအဲန်ယူ ဗဟိုက သတင်းထုတ်ပြန်သည်။
ယနေ့ (ဖေဖေါ်ဝါရီ ၁၇ ရက်) တွင် ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ လယ်ဒိုမြို့နယ် (ကျောက်ကြီး) အတွင်းရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ကိုး ထံသို့ ခမရ-၅၈၄ တပ်ရင်းမှ အသက် ၂၁ နှစ်အရွယ်ရှိ တပ်သားမြတ်မင်းသူ၊ အသက် ၂၄ နှစ်အရွယ်ရှိ တပ်သားဝင်းမင်းကို နှင့် အသက် ၂၀ အရွယ်ရှိ တပ်သားမိုးသောက်ယံတို့ အလင်းဝင်ခဲ့ခြင်းဖြစ်သည်။
“အခု မြန်မာနိုင်ငံအနှံ့မှာ အဓမ္မစစ်မှုထမ်းခံရတဲ့သူတွေ အလင်းဝင်လာတာ များတာတွေ့ရတယ်။ အခြေအနေအရ စစ်တပ်ထဲ မဝင်ချင်ဘဲ ဝင်ရတဲ့သူတွေဆိုတော့ နောင်လည်း အလင်းဝင်တာ ဆက်များဦးမှာပဲ။ အလင်းဝင်လာတဲ့သူတွေကို လွတ်မြောက်နယ်မြေတွေမှာပဲ အခြေချနိုင်အောင် ဖန်တီး ပေးနိုင်ရင် သိပ်ကောင်းမယ်။ ဘာ့ကြောင့်လဲဆိုတော့ ကိုယ့်နိုင်ငံမဟုတ်တဲ့အရပ်မှာ တရားမဝင်ဘဝနဲ့ ဘဝကို အခြေတကျဖြစ်အောင်လုပ်ဖို့ အင်မတန်ခက်ခဲတာကြောင့်ပါ” ဟု မဲဆောက်အခြေစိုက် CDM အရာရှိ တစ်ဦးက MPA သို့ ပြောသည်။
အလင်းဝင် တပ်သားသုံးဦးသည် ၎င်းတို့နှင့်အတူ MA-3 နှစ်လက်၊ MA-1 တစ်လက်၊ ကျည်ဘောက် ၁၁ ခု၊ ကျည် ၇၇၆ တောင့်နှင့် လက်ပစ်ဗုံး တစ်လုံး ယူဆောင်လာပြီး ၎င်းတို့အား လယ်ဒိုမြို့နယ် တာဝန်ရှိသူများနှင့် တပ်ရင်းကိုး တန်ဝန်ရှိသူတို့က တစ်ဉီးလျှင် ကျပ် ၁၀ သိန်းစီ ချီးမြင့်ခဲ့ကြောင်း ကေအဲန်ယူဗဟိုက ဆိုသည်။