By Ra Wai / MPA
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ စစ်မှုထမ်းအကျုံးဝင်လူငယ်များကို တင်းကျပ်စွာ စစ်ဆေးနေပြီး လတ်တလောတွင် ငွေပေးကာ ပြည်ပထွက်၍ မရကြောင်း သိရသည်။
စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့၏ ခွင့်ပြုချက်မရှိဘဲ စစ်မှုထမ်းအကျုံးဝင်လူငယ်များ ပြည်ပ ထွက်ခွာ ခွင့်ကို ပိတ်ပင်လိုက်သည့် ပြည်သူ့စစ်မှုထမ်းနည်းဥဒေကို စစ်ကောင်စီက ဇန်နဝါရီ ၂၃ ရက်တွင် ပြဌာန်းခဲ့ပြီးနောက် ယခုလမှစတင်ကာ ရန်ကုန်လေဆိပ်အတွင်း စစ်ဆေးမှု တင်းကျပ်ခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်လေဆိပ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“အရင် ဇန်နဝါရီလောက်တုန်းက တတ်နိုင်တဲ့သူတွေက တစ်ယောက် သိန်းသုံး၊လေးဆယ်ပေးပြီး လေ ဆိပ်ကနေ ထွက်တာ။အခုကတော့ လုံးဝမရဘူး။ ငွေပေးရင် ဆုံးမှာပဲ။ ဒါပေမဲ့၊ အရင်အစဉ်အလာအရဆိုရင် နောက်တစ်လ၊နှစ်လလောက်ဆို ပြန်ရကောင်းရမယ်။ ဒါပေမဲ့၊ ငွေပိုပေးရနိုင်တယ်” ဟု ၎င်းက MPA သို့ပြောသည်။
လတ်တလော ပြည်ပထွက်ရင် လာသည့် လူငယ်များကို လေဆိပ်တွင် ပြန်လွှတ်နေသော်လည်း ဖမ်းဆီးခြင်းမျိုး မရှိကြောင်း သိရသည်။
“ကောလာဟလ သတင်းထွက်တာ ရှိတယ်။လေဆိပ်လာတဲ့ လူငယ်တွေကို လေယာဉ်ပေါ် အတက်မခံတဲ့အပြင် ဖမ်းပြီး စစ်မှုထမ်းသင်တန်းပို့တယ်ဆိုတာ။သေချာသိရလောက် အဲဒါမျိုးတော့ မရှိသေးဘူး”ဟု ၎င်းက ဆက်လက်ပြောသည်။
အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရှိ အမျိုးသားလူငယ်များ ပြည်ပထွက်အလုပ်လုပ်ကိုင်ခွင့်ကို စစ်ကောင်စီက ဇန်နဝါရီလကုန်ပိုင်း၌ ပိတ်ပင်ခဲ့ပြီးနောက် ရန်ကုန်လေဆိပ်၌ ပြည်ပထွက်မည့် လူငယ်များအား စစ်မှုထမ်းစာရင်းထဲပါ၊မပါ ပိုမိုတင်းကျပ်စွာ စစ်ဆေးနေခြင်းဖြစ်ကြောင်း သိရသည်။
အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများနှင့် အသက် ၁၈ နှစ်မှ ၂၇ နှစ်အရွယ် အမျိုးသမီးတို့ စစ်မှုထမ်းရမည်ဟု စစ်မှုထမ်းဥပဒေက ဆိုသည်။