By Nway / MPA
အင်းစိန်ထောင်မှ လွတ်ရက်စေ့ ရိုဟင်ဂျာ ၉၃၆ဦးကို စစ်အုပ်စုဝင်များက ခေါ်ထုတ်သွားကြောင်း သိရသည်။
ယနေ့ ( ဖေဖော်ဝါရီ၁၆ရက် ) နံနက်ခြောက်နာရီဝန်းကျင်မှစ၍ လွတ်ရက်စေ့ ရိုဟင်ဂျာ ကလေးသူငယ်၊ အမျိုးသားနှင့်အမျိုးသမီး များကို စစ်သားနှင့်ရဲတို့က အင်းစိန်ထောင်မှ ခရီးသည်တင်ယာဉ် များဖြင့်ခေါ်ထုတ်သွားပြီး ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ ရေကြောင်းခရီးဖြင့် ပို့ဆောင်မည်ဟုသိရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က သတင်းထုတ်ပြန်သည်။
” လွှတ်ပေးလား၊ မလွှတ်ပေးလားထက် ခေါ်ထုတ်သွားတာဗျ။ စစ်ကောင်စီအနေနဲ့ သူတို့ကို စစ်ရေးအရ အသုံးချနိုင်တယ်ဆိုတဲ့ အန္တရာယ်ရှိနေတာလောက်ကိုတော့ ကျတော်တို့ပြောလို့ရပါတယ် ” ဟု PPNM ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက MPA ကို ပြောသည်။
ဖေဖော်ဝါရီ ၁၅ရက် ( စနေနေ့ )သည် ရုံးပိတ်ရက်ဖြစ်သော်လည်း လဝက ဝန်ထမ်း၅၀ကျော်က အင်းစိန်ထောင်ထဲသို့ လာရောက်ကာ ယင်းရိုဟင်ဂျာများအတွက် အထောက်အထားကတ်များ ပြုလုပ်ပေးခဲ့ကြောင်း PPNM က ဆိုသည်။
” လက်ရှိ စစ်တွေမြို့ရဲ့လုံခြုံရေးမှာတော့ အများကြီးအသုံးချနိုင်ပါတယ်။ ပုံမှန် ခေတ်ကာလကောင်း တဲ့ အချိန်မှာတောင် သူတို့လွှတ်ပေးခဲ့တာမျိုး မရှိတဲ့အခါမှာ အခုမှ ကောက်ပြီးလွှတ်ပေးတာက သံသ ယ ဖြစ်စရာ တအားကောင်းနေတယ် ” ဟု ကိုသိုက်ထွန်းဦးက ပြောသည်။
ယင်း ရိုဟင်ဂျာများသည် အင်းစိန်အကျဉ်းထောင်တစ်ခုတည်းမှ မဟုတ်ဘဲ အခြားထောင်များ၌ ချုပ်နှောင်ထားသည့် ရိုဟင်ဂျာများလည်း ပါဝင်ကြောင်း အခြားထောင်များမှ ရိုဟင်ဂျာများကို ပြီးခဲ့သည့် ရက်ပိုင်းက အင်းစိန်ထောင်သို့ ပို့ဆောင်ခဲ့ကြောင်း PPNM က ဆိုသည်။
ရိုဟင်ဂျာအချို့မှာ လွတ်ရက်စေ့သည်မှာ ကြာမြင့်ပြီဖြစ်သော်လည်း မလွှတ်ပေးခဲ့ဘဲ ယခုမှ ခေါ် ထုတ်သွားခြင်းဖြစ်ကြောင်း သိရသည်။
စာတည်း-ML