By Nway / MPA
ကူမင်းမြို့တွေ့ဆုံပွဲတွင် စစ်ကောင်စီက TNLA ကို အပေါ်စီးမှ ဆွေးနွေးမည့်သဘောဆောင်နေကြောင်း PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်က ပြောသည်။
စစ်ကောင်စီသည် MNDAA နှင့် သဘောတူညီမှုရရှိပြီးဖြစ်၍ အပေါ်စီးမှ ဆွေးနွေးမည့်သဘော ဆောင်ကြောင်း ယနေ့ ( ဖေဖော်ဝါရီ ၁၆ရက် )တွင် ဗိုလ်ချုပ်တားဘုန်းကျော်က ၎င်း၏ ဖေ့ဘွတ်စာမျက်နှာ၌ ရေးသားထားသည်။
” အောက်ခြေမှာလည်း တောင်ခမ်း၊ နောင်ချို၊ သပိတ်ကျင်းဘက် ထိုးစစ်တွေ ပိုတိုးလာတယ်။ နောင်ချို၊ ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ် ကောင်းကင်ယံမှာ SU-30၊ ဂျက်ဖိုက်တာ၊ Y-8/ Y-12 တောက်လျှောက် ပျံသန်းပြီး အသီးတွေချချင်သလို ဖောဖောသီသီ ချနေတယ်။ တရုတ် စီစဉ်တဲ့ တွေ့ဆုံဆွေးနွေးပွဲနဲ့ မြန်မာပြည်တွင်းစစ်ပါ။ အရင်းအနှီးကတော့ နေ့စဉ်နှင့်အမျှကြီးနေဆဲ ” ဟု ဗိုလ်ချုပ် တားဘုန်းကျော်က ဆိုသည်။
ဖေဖော်ဝါရီ၁၅ရက်၊ မွန်းလွဲပိုင်းတွင် စစ်ကောင်စီ၏ တောင်ခမ်းစခန်း ခမရ ၄၀၆၊ တပ်ရင်း ၃၅၄နှင့် တပ်ရင်း ၉၀၂တို့မှနောင်ချိုမြို့နယ်ရှိ နာဆွေကျေးရွာ၊ အုမ္မတီးကျေးရွာ၊ ညောင်နီကျေးရွာနှင့် တောင်ရွှေကျေးရွာတို့သို့ လက်နက်ကြီး ၁၃၇လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးY12 လေယာဥ်ဖြင့် နာဆွေကျေးရွာသို့ ဗုံး ၃၈လုံး ကြဲချခဲ့ကြောင်း TNLA က ထုတ်ပြန်သည်။
တရုတ်အစိုးရ၏ စီစဉ်မှုအရ TNLAနှင့် စစ်ကောင်စီတို့ ယနေ့တွင် ကူမင်းမြို့၌ စတင်ဆွေးနွေးကြပြီဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ – TNLA / ပုံစာ – ၂၀၂၄ခု၊ နိုဝင်ဘာလက PSLF/TNLA ၏ မြေယာမူဝါဒနှင့် ရှေ့လုပ်ငန်းစဥ်အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ၌ ဗိုလ်ချုပ် တားဘုန်းကျော်ကို တွေ့ရစဉ်။