By Maung Dagon / MPA
မူးယစ်ဆေးသုံးစွဲမှုဖြင့် အဖမ်းခံခဲ့ရသည့် အသက် နှစ်ဆယ်ကျော် လူငယ်တစ်ဦးကို စစ်ကောင်စီက စစ်မှုထမ်းခိုင်းရာ တိုက်ပွဲအတွင်း သေဆုံးခဲ့ပြီး မိသားစုကိုလည်း ၎င်းသေဆုံးမှုနှင့် ပတ်သက်ပြီး သပိတ်သွတ်ခွင့် မပေးခဲ့ကြောင်း မိသားစုနှင့် နီးစပ်သူ များထံမှ စုံစမ်းသိရှိရသည်။
၂၀၂၄ခုနှစ်၊ အောက်တိုဘာလက တောင်ဒဂုံမြို့နယ်၊ ၅၆ ရပ်ကွက်၌ နေထိုင်သည့် အသက် ၂၀ကျော်အရွယ် လူငယ်တစ်ဦးသည် သုံးစွဲရန် ယူလာသည့် မူးယစ်ဆေး အနည်းငယ်ကို လက်ဝယ်တွေ့ရှိမှုဖြင့် စစ်ကောင်စီလက်အောက်ခံ ရဲများ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။
ထိုကဲ့သို့ ဖမ်းဆီးပြီးနောက် စစ်ကောင်စီလက်အောက်ခံ ရဲများက အဆိုပါ လူငယ်ကို ထောင်ကျခံမည်လား၊ စစ်မှုထမ်းမည်လားဟု ရွေးချယ်ခိုင်းခဲ့ခြင်းကြောင့် လူငယ်သည် စစ်မှုထမ်းရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်ဟု ၅၆ ရပ်ကွက်၌ နေထိုင်သည့် လူငယ်တစ်ဦးက ပြောသည်။
” ရပ်ကွက်ထဲမှာတော့ ဒီကောင်လေးက အမည်ပေါက်ပေါ့၊ ဆေးသမားလေးလို့ အများသိကြတာ၊ မိတာက WY နည်းနည်းနဲ့ပဲ။ ပြီးတော့ တပ်ထဲရောက်သွားတာ” ဟု ၎င်းက ရှင်းပြသည်။
ထို့ပြင် တိုက်ပွဲအတွင်း သေဆုံးခဲ့သည့် လူငယ်သည် စစ်မှုထမ်းနေရသည်ဟုသာ မိသားစုက သိခွင့်ရခဲ့ပြီး မည်သည့်နေရာတွင် တာဝန်ကျနေသည် မသိရှိခဲ့ရဘဲ၊ ယခုနှစ် ဇန်နဝါရီ လကုန်ပိုင်းမှသာ တိုက်ပွဲအတွင်း သေဆုံးသွားပြီဟု ၎င်း၏ သူငယ်ချင်းဖြစ်သူက မိသားစုထံ အကြောင်းကြားလာခဲ့ခြင်းလည်းဖြစ်သည်။
“ ဘယ်တပ်မှာ တာဝန်ထမ်းဆောင်နေရတယ်ဆိုတာကိုလည်း လုံး၀ မသိရဘူး။ အခုသေတော့မှ သူ့သူငယ်ချင်းက ဖုန်းလှမ်းဆက်လို့ သိရတာ၊ သေသွားခဲ့တာတောင် ဘယ်ပြည်နယ်၊ ဘယ်မြို့နယ်မှာဖြစ်တဲ့ တိုက်ပွဲကြောင့်ဆိုတာ တောင်မသိရဘူး ” ဟု သေဆုံးခဲ့သည့် လူငယ်၏ မိသားစုဝင်များနှင့် ရင်းနှီးသူ တစ်ဦးက ပြောသည်။
ထိုကဲ့သို့ သတင်းကြားပြီးနောက် မိသားစုက သေဆုံးခဲ့သည့် လူငယ်အတွက် ဘာသာရေး ဓလေးထုံးစံအတိုင်း သပိတ်သွတ် ဆွမ်းကပ်ရန် ပြင်ဆင်ရာ ၅၆ရပ်ကွက်၊ ရပ်ကျေး စစ်ကောင်စီက အဖွဲ့က မပြုလုပ်ရန် လာရောက်တားမြစ်ခဲ့ကြောင်း သိရသည်။
“ သပိတ်သွတ်ဖို့လုပ်တော့ ရာအိမ်မှူးက မလုပ်ရဘူးဆိုပြီး လာတားတယ်။ အဲ့ဒါနဲ့ မလုပ်ရဘူး။ ဘာသာရေးအရတော့ သပိတ်သွတ်တာက မကောင်းတဲ့ဘ၀ကနေ ကျွတ်လွတ်ဖို့လေ၊ အခုလိုလုပ်ခွင့်မပေးတော့ ဘယ်လိုလုပ် ကျွတ်မလဲ” ဟု သေဆုံးခဲ့သည့် လူငယ်၏ အိမ်နီချင်း မိတ်ဆွေတစ်ဦးက ပြောသည်။
လက်ရှိ မိသားစုဝင်များသည် သေဆုံးခဲ့သည့် လူငယ်သည် မည်သည့်နေရာ၌ သေဆုံးခဲ့ရသည်ကို မသိရသေးသည့် အပြင် အလောင်းကိုလည်း ပြန်မရခဲ့သည့်အပြင် ကွယ်လွန်သူအတွက် ရည်စူးအလှူကိုပါ ပိတ်ပင်ခံရခြင်းကြောင့် စိတ်ဆင်းရဲနေကြောင်းလည်း အိမ်နီးနားများထံမှ စုံစမ်းသိရှိရသည်။
၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ရက်တွင် စစ်ကောင်စီက စစ်မှုထမ်းဥပဒေ ပြဌာန်းပြီးနောက် တောင်ဒဂုံမြို့နယ်တွင်းရှိ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပျူစောထီးများနှင့် ရဲများသည် မူးယစ်ဆေးသုံးစွဲသည့် လူငယ်များကို ပစ်မှတ်ထားကာ ဖမ်းဆီးမှုများပြုလုပ်ပြီး စစ်တပ်ထဲသို့ ဝင်ရောက်ခိုင်းခြင်းဖြစ်ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ထိုကဲ့သို့ ဖမ်းဆီးခဲ့သည့် လူငယ်များကို ထောင်နှင့် စစ်တပ် ရွေးချယ်ခွင့်ပေးသည်ဟုဆိုသော်လည်း ထောင်ကျခံမည့် သူများကိုလည်း စစ်မှုထမ်းရန် စစ်တပ်ထဲသို့သာ စေလွှတ်ကြောင်း တောင်ဒဂုံမြို့ဒေသခံမျးက ပြောသည်။
မြန်မာနိုင်ငံအနှံ့ အရှုံးဖြင့် ရင်ဆိုင်နေရသည့် စစ်ကောင်စီသည် စစ်သားလိုအပ်ချက်ကို ပြန်လည်ဖြည့်တင်းရန်အတွက် စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် အတင်းအဓမ္မလူသစ်စုဆောင်းခြင်းကို ပိုမိုပြုလုပ်လာခြင်းလည်းဖြစ်သည်။