By Jar Seng / MPA
ချင်းပြည်နယ်၊ ပလက်၀နှင့် ရခိုင်ပြည်နယ်ရှိ မြို့နယ်ပေါင်း ၁၄ မြို့နယ်ကို သိမ်းပိုက်ထားသည့် အာရက္ခတပ်တော်( AA) ကို ဒေသခံလူနည်းစုများဖြစ်သည့် မြိုနှင့် ခမီ တိုင်းရင်းသားများ ပူးပေါင်းပြီး ပြန်လည်တိုက်ခိုက်ရန် ဆောင်ရွက်နေသည်ဆိုသည့် သတင်းမှာ မဟုတ်မှန်ကြောင်း ယင်းတိုင်းရင်းသားများက MPA သို့ပြောသည်။
ယမန်နှစ်(၂၀၂၄ခုနှစ်)၊ ဒီဇင်ဘာ ၂၄ရက်က ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ၊ သီဟိုအေး၊ ကိုင်းကြီး၊ သစ်တုံနားခွဆုံ၊ နန်းရာကိုင်း၊ ရွှေတိုင်၊ လေးမြို့ကေသီ စသည့် ကျေးရွာများမှ အသက် ၁၃ နှစ်မှ အသက် ၅၀ အတွင်းရှိသော ဒေသခံ လူနည်းစုများဖြစ်သည့် မြို(မရူစာ) ၉၀ ကျော်အား စစ်မှုထမ်းရန် AA က ခေါ်ဆောင်ခဲ့သည့် သတင်းများထွက်ပေါ်ပြီးနောက် တယ်လီဂရမ်ချန်နယ်များတွင် စစ်ကောင်စီဝါဒဖြန့်သူများက အထက်ပါအတိုင်း သတင်းများ ထုတ်လွှင့်ခဲ့ခြင်းဖြစ်သည်။
“ဒီကိစ္စတွေက အခြေအမြစ်မရှိတဲ့ ဝါဒဖြန့်ချီတဲ့ သတင်းမှားတွေပါ။ မြေပြင်မှာ ရခိုင်နဲ့ လူနည်းစုတွေ ကို ရန်တိုက်ပေးနေတာပါ။ ကျတော်တို့တွေ လူမှုသဟဇာတဖြစ်ဖြစ်နဲ့ နေထိုင်လျက်ရှိနေပါတယ်။” ဟု ခမီအမျိုးသားပါတီမှ အတွင်းရေးမှုးဖြစ်သူ ဦးသန်းဌေးက ဆိုသည်။
ယင်းအပြင် ဖေဖော်ဝါရီလ ခုနှစ်ရက်တွင် AAက အင်အား တစ်ရာကျော်အသုံးပြု၍ မောင်တောမြို့နယ်မှ မိုင် ၃၀ ခန့်ကွာဝေးပြီး တောင်ယာလုပ်ငန်းနှင့် လယ်ယာလုပ်ငန်းအား အဓိကလုပ်ကိုင်စားသောက်ကြသည့် ခုံတိုင်ကျေးရွာအား ဝိုင်းရံကာ မြိုလူမျိုး ၁၇ ဦးအား ဖမ်းဆီးခေါ်ဆောင်သွားမှုများရှိခဲ့သည်။
ထို့အတူ ယခုနှစ်(၂၀၂၅ခုနှစ်)၊ ဇန်နန်ဝါရီ ၂၁ ရက်၌ မြိုလူမျိုးများကို ဖမ်းဆီးပြီး AA စစ်မှုထမ်းခိုင်းနေသည်ဟု MPAက သတင်းဖော်ပြခဲ့ပြီးနောက်တွင် စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တစ်ခုဖြစ်သည့် (Kyaw Swar)ကွ မြိုနှင့် ခမီလူမျိုးများ AA ကို ပြန်တိုက်တော့မည်ဟု ဝါဒဖြန့်မှုမျး ပိုမိုလုပ်ဆောင်လာခြင်းလည်းဖြစ်သည်။
“မြိုနဲ့ခမီကလည်း လက်နက်ကိုင်မယ်၊ AA ကို ပြန်တိုက်မယ်။ ALP ကလည်း AA ဖိနှိပ်မှုကြောင့် ပြန်တိုက်မယ်။” ဟု ၎င်း၏ တယ်လီဂရမ်ချန်နယ်တွင် ဇန်နန်ဝါရီလ ၂၃ ရက်နေ့တွင် သတင်းမှားများဖြန့်ချီထားသည့်အပြင် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင်လည်း “AA အဖွဲ့တွေ လူသစ်စုမလောက်ဖြစ်နေပြီ” ဟု Kyaw Swar အမည်ဖြင့် ဖွင့်လှစ်ထားသည့် တယ်လီဂရမ်ချန်နယ်တွင် ရေးသားထားသည်။
ယခုကဲ့သို့ လုပ်ဆောင်မှုများသည် စစ်ရှုံးနေသည့် စစ်ကောင်စီက ရခိုင်ပြည်နယ်ရှိ လူနည်းစုတိုင်းရင်းသားများနှင့် ရခိုင်လူမျိုးများကို ရန်တိုက်ပေးနေခြင်းဖြစ်ကြောင်း ခမီအမျိုးသားတိုးတက်ရေးပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ ဒါက အခြေအမြစ်မရှိ စွပ်စွဲတာဖြစ်ပြီး ကျတော်တို့ လူမျိုးစုနဲ့ ရခိုင်လူမျိုးစုတွေကို ရန်တိုက်ပေးနေတာဖြစ်တယ် ” ဟု ၎င်းက ဆိုသည်။
ထို့ပြင် မြိုလူမျိုးများသည် ရခိုင်ပြည်နယ်အတွင်း လူမှုရေးသဟဇာတဖြစ်ခြင်းကိုသာ လိုလားပြီး တော်လှန်ရေးတွင်လည်း တတ်နိုင်သည့်ဘက်မှ ပါဝင်နေကြောင်း၊ လက်ရှိဖြစ်ပွားနေသည့် ပြသနာများကို စစ်ကောင်စီက အခွင့်ကောင်းယူကာ လူမျိုးရေး ပြဿနာဖြစ်စေရန် လှုံ့ဆော်နေခြင်းသာဖြစ်သည်ဟု လူထုစီမံအုပ်ချုပ်ရေးပညာရပ်ကို သင်ယူနေသည့် မြို(ခမိ) လူငယ်တစ်ဦးက ပြောသည်။
“ကျတော်တို့ မြို(ခမိ) အုပ်စုမှာ မြို အုပ်စု နဲ့ ခမီ အုပ်စု ဘာသာစကားတူပြီး ခံယူချက်ကွဲနေတာရှိတယ်။ ဒီအုပ်စုတွေရဲ့ ပါတီတွေက အရင်က စစ်ကောင်စီနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိတယ်။ အခုလည်းတချို့က ရှိနေကြတယ်။ ဒါကို စစ်ကောင်စီ က ကောင်းကောင်းသိတယ်။ လူမျိုးရေးပြဿနာဖြစ်အောင် လော်ဘီလုပ်နေတာ၊ ရခိုင်ပြည်နယ်က လူနည်းစုတွေအနေနဲ့ သတိကြီးကြီးထားရမယ် ” ဟု ၎င်းက ဆိုသည်။
“မြို နဲ့ ခမီ ပေါင်းရင်တောင် တစ်သိန်းမပြည့်တဲ့ ဟာကို ဘယ်လိုလုပ် AA ကို တိုက်မလဲ၊ တကယ်လို့ တိုက်မယ်ဆိုရင် ဘာရည်ရွယ်ချက်နဲ့ တိုက်ကြမှာလဲဈ ဘာအတွက်လဲ မေးစရာရှိတယ်။ အခုလိုပြန်တိုက်မယ်ဆိုတာ လုံး၀ မဖြစ်နိုင်တဲ့ ကိစ္စပါ” ဟု မြိုအမျိုးသားဒီမိုကရေစီပါတီမှ ပါတီဝင်တစ်ဦးက ပြောသည်။
လက်ရှိ ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီနှင့် ပူးပေါင်းနေသည်မှာ ရခိုင်လွတ်မြောက်ရေးပါတီ(ALP) နှင့် ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့များဖြစ်သည့် Rohingya Solidarity Organization (RSO), Arakan Rohingya Salvation Army (ARSA) နှင့် Rohingya Islami Mahaaz (Arakan) တို့သာရှိပြီး ယင်းအဖွဲ့များကို အဖွဲ့များနှင့် လူမျိုးစုများကို အခြေခံကာ စစ်ကောင်စီက လူမျိုးစုပြဿ ပိုမိုဖြစ်ပွားလာစေရန် လှုံ့ဆော်မှုများကို တွင်တွင်ကျယ်ကျယ်လုပ်ဆောင်လာခြင်းဖြစ်ကြောင်း ဒေသခံများက ထောက်ပြကြသည်။
စစ်ကောင်စီ အနေဖြင့် ယခုကဲ့သို့ လူမျိုးစုများအကြား ပြဿနာ ပိုမိုကြီးထွားစေရန် လုပ်ဆောင်နေမှုသည် ULA/ AA၏ တိုက်ရင်းတည်ဆောက်၊ တည်ဆောက်ရင်းတိုက်ဆိုသည့် မဟာဗျူဟာကို နှောက်ယှက်ရန်အတွက် လုပ်ဆောင်နေခြင်းဖြစ်သည်ဟု AA နှင့် နီးစပ်သည့် မြောက်ဦးဒေသံတစ်ဦးက သုံးသပ်သည်။
“ULA/AA အနေနဲ့က ရခိုင်ပြည်ကို တိုက်ရင်းတည်ဆောက်၊ တည်ဆောက်ရင်း တိုက် ဆိုတဲ့ မဟာဗျုဟာနဲ့ သွားနေတာပါ၊ ဒါကို စစ်ရှုံးစစ်ကောင်စီက သူတို့ဆုံးရှုံးလိုက်တဲနယ်မြေတွေကို လက်လွှတ်လိုက်ရတဲ့အတွက် ဖျက်ဆီးနေတယ်လို့မြင်ပါတယ်။ ရခိုင်က လူနည်းစု တိုင်းရင်းသားတွေနဲ့ကလည်း မြေပြင် ချစ်ချစ်ခင်ပါပဲ၊ ရခိုင်ရွာကို ဆန်တစ်အိတ်ဆိုရင် မြိုရွာ၊ ခမီရွာကို ဆန်တစ်အိတ်ကူညီပေးပါတယ်။ တစ်ခုက မောင်တောဘက်မှာ လက်နက်ကိုင်အကြမ်း ဖက်အုပ်စုက တပ်တော်ရဲ့ အုပ်ချုပ်ရေး ယန္တရားပျက်စီးအောင်နှောင့်ယှက်နေတာလို့ ပဲ ပြောချင်တယ်။” ဟု ၎င်းက ဆိုသည်။
၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ရခိုင်ပြည်နယ်တွင် လူဦးရေ စုစုပေါင်း သုံးသန်းကျော်ရှိကာ မြို၊ခမီ၊ သက်၊ ဒိုင်းနက်၊ မရမာကြီး၊ ကမန်၊ ချင်း၊ ရိုဟင်ဂျာ(မူဆင်လင်) များနှင့် ရခိုင် လူမျိုးများနေထိုင်ကြသည်။
လက်ရှိ ရခိုင်ပြည်နယ်တွင် မြို့နယ်ပေါင်း ၁၇ မြို့ရှိသည့် အနက် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ အမ်း၊ တောင်ကုတ်၊ သံတွဲ၊ ရမ်းဗြဲ ဒေသနှင့် ဂွမြို့နယ်တို့ အား AA က ထိန်းချုပ်ထားကာ အုပ်ချုပ်ရေး ယန္တရားများအား အကောင်အထည်ဖော်လုပ်ဆောင်လျက်ရှိနေသည်။