By Ra Wai / MPA
မန္တလေးတိုင်း၊ မလှိုင်မြို့ပေါ်၌ ဗုံးခိုကျင်းတူးသည့် မြို့ခံငါးဦးထက်မနည်းကို စစ်တပ်က ဖမ်းဆီးထားကြောင်းသိရသည်။
ဖေဖော်ဝါရီ ၁၃ရက် နေ့ခင်းပိုင်းက မလှိုင်မြို့၊ အမှတ် ခုနှစ်နှင့် ရှစ် ရပ်ကွက်အတွင်းရှိ ဗုံးခိုကျင်းတူးထားသည့် နေအိမ်များမှ ပြည်သူများကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း လူထုသတင်းကွန်ရက် မလှိုင်မြို့က ထုတ်ပြန်ထားသည်။
” ဗုံးခိုကျင်းတူးထားကြတာ လေကြောင်းအန္တရာယ်ကြောင့်။ ဒါကို ကတုတ်ကျင်း တူးလို့ဆိုပြီး ဝင်ဖမ်းကြတာ။ အသက်ကြီး လင်မယား နှစ်ယောက်တည်း ရှိတဲ့အိမ်တောင်ပါတယ်။ ညအိပ် ချိန်တွေထိ လေယာဥ်နဲ့ လူနေရပ်ကွက် ကျေးရွာတွေထဲ ဗုံးကြဲတယ်။ ဗုံးခိုကျင်းတူးတော့ အဖမ်း ခံရတယ်။ ငါးအိမ်လောက်အဖမ်းခံကြရတယ်” ဟု လူထုသတင်းကွန်ရက် မလှိုင်မြို့မှ တာဝန်ရှိသူတစ်ဦးက MPAသို့ပြောသည်။
ယင်းသို့ ဖမ်းဆီးမှုများကြောင့် အခြားနေအိမ်များက တူးထားသည့် ဗုံးခိုကျင်းများကို ဖျက်ဆီးပစ်နေရကြောင်း သိရသည်။
“ တချို့အိမ်တွေကလည်း လာမစစ်ပေမဲ့ ကြောက်တော့ ပြန်ဖျက်ကြတယ်” ဟု ၎င်းကပြောသည်။
ဖေဖော်ဝါရီ ခုနှစ်ရက်မှ ကိုးရက်အထိ မလှိုင်မြို့ပေါ် လက်ဖက်ရည်ဆိုင်ထိုင်နေသည့်သူများနှင့် လမ်းသွားလမ်းလာ လူငယ် ၃၀ ဝန်းကျင်ကို စစ်တပ်က ပေါ်တာဆွဲခဲ့ကြောင်းသိရသည်။