By Ra Wai / MPA
အနာဂတ်စစ်ဆင်ရေးများအတွက် အရေးတကြီးလိုအပ်ချက်များကို အလျင်အမြန် ဖြည့်ဆည်းပေးနိုင်ရေး စစ်တောင်းမြစ်အလွန်ဒေသ PDF တပ်ရင်းများနှင့် NUG ပြည်ထောင်စု ဝန်ကြီးချုပ်ရုံးတာဝန်ရှိသူများက ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သိရသည်။
NUG ပြည်ထောင်စု ဝန်ကြီးချုပ်ရုံးတာဝန်ရှိသူများသည် ပဲခူးတိုင်းအတွင်း PDF များ စိုးမိုးထိန်းချုပ် ထားသည့် စစ်တောင်းမြစ်အလွန်ဒေသများသို့ သွားရောက်ခဲ့ကာ PDFတပ်ရင်းများ၏ လတ်တလော လိုအပ်ချက်များကိုလည်း ဝန်ကြီးချုပ်ရုံးက ထောက်ပံ့ကူညီခဲ့ကြောင်း NUG က သတင်းထုတ်ပြန်သည်။
“NUGရဲ့ အထောက်အပံ့ပေးနိုင်တဲ့ တာဝန်ရှိသူတွေဘက်က ပိုပြီးအားထည့် လုပ်ဆောင်လာတာ အခု ၂၀၂၅ခုနှစ်အစပိုင်းကတည်းကပါ။ဝန်ကြီးချုပ်ကိုယ်တိုင် ဇန်နဝါရီတုန်းက PDF တပ်ရင်းတွေအထိ သွားသေးတယ်။အခုကတော့ ဝန်ကြီးချုပ်မပါပေမဲ့ ဒုဝန်ကြီးလိုက်ပါလာပြီး ပဲခူးတိုင်းအထိ ဝင်တာ ပေါ့။တစ်ခုခု ပေးနိုင်တဲ့အခြေအနေရှိလို့ သွားတာပါ။NUG မှာလည်း စစ်တောင်းမြစ်ဝှမ်းဒေသ အိပ် မက်တွေရှိတယ်လေ”ဟု ကေအဲန်ယူ တပ်မဟာငါးအခြေစိုက် တော်လှန်ရေးရဲဘော်တစ်ဦးက ပြော သည်။
ပြည်ထောင်စုဝန်ကြီးချုပ်ရုံးတာဝန်ရှိသူများသည် ပဲခူးတိုင်းအတွင်းရှိ PDF တပ်ရင်းများ၌ တာဝန်ထမ်းဆောင်နေကြသော ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများနှင့် လိုက်လံတွေ့ဆုံခဲ့ကြ ရာ PDF တပ်ရင်းတာဝန်ရှိသူများက မြေပြင်အခြေအနေ၊ စစ်ဆင်ရေးအခြေအနေနှင့် PDF တပ်ရင်းများ၏ လိုအပ်ချက်များ ကို တင်ပြဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ ခရီးစဉ်တွင်NUG အလုပ်သမား ဒုဝန်ကြီး ဦးကျော်နီ၊ ဝန်ကြီးချုပ်ရုံးအတွင်းဝန်ဒေါ်ကြည်ပြာ၊ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန တွဲဖက်အတွင်းဝန် ဦးအာကာမျိုးထက်နှင့် ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံ ဦးနောင်ရိုး တို့ပါဝင်ကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့်အဖွဲ့သည် ဇန်နဝါရီလအတွင်း ကော်ဘရာရဲဘော်များနှင့် ရန်ကုန်တပ်ရင်းများသို့သွားရောက် တွေ့ဆုံခဲ့သေးသည်။