By Ko Paing/MPA
ရန်ကုန်မြို့၊ရွှေပြည်သာမြို့နယ်အတွင်းရှိ ချောင်ကျသည့်နေရာကို စစ်ကောင်စီတပ်က ညဘက် ဝင်စစ်ကာ ဧည့်စာရင်းမတိုင်သူ များအား ဖမ်းဆီးသွားကြောင်း Rangoon Scout Network က သတင်းထုတ်ပြန်သည်။
ဖေဖေါ်ဝါရီ၁၂ရက်၊ည ကိုးနာရီခန့်တွင် ရွှေပြည်သာမြို့နယ်၊ ဏ/၁၄ရပ်ကွက်၊ ပန်းခြံ၁၆လမ်းဘက်သို့ စစ်သားနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တို့ ဧည့်စာရင်းဝင်စစ်ခြင်းဖြစ်ကြောင်း သိရသည်။
“ဝင်စစ်တာ ပန်းခြံ၁၆ရော တခြားလမ်းတွေလည်း ပါတယ်။ဧည့်စာရင်းမတိုင်ထားတဲ့ ငါးယောက်၊ ခြောက်ယောက်လောက် အဖမ်းခံရတယ်ကြားတယ်။ပြန်လွှတ်၊မလွှတ်တော့ မသိရသေးဘူး။ ဧည့်စာရင်းဝင်စစ်တဲ့နေရာက တော်တော်ချောင်ကျတဲ့နေရာ။ ကျူးကျော်တွေများတဲ့နေရာဆိုတော့ ညဘက်ဆို သိပ်မသွားကြတဲ့ နေရာ”ဟု ယင်းရပ်ကွက်အတွင်းနေ ပြည်သူတစ်ဦးက MPAသို့ပြောသည်။
စစ်ကောင်စီတပ်သည် လမ်းထိပ်နှစ်ဘက်ကို ပိတ်၍ အိမ်ရှိလူအားလုံးကို အပြင်ထွက်ခိုင်းကာ စစ်ဆေးခြင်းဖြစ်ပြီး ဧည့်စာရင်းမတိုင်ထားသူများနှင့် ဧည့်စာရင်းစာအုပ်ပျောက်နေသူများအား ကား တစ်စီးဖြင့် ဖမ်းခေါ်သွားကြောင်း Rangoon Scout Network က ဆိုသည်။
“ဧည့်စာရင်းစစ်တာ ဟုတ်တယ်။ ဖမ်းသွားတဲ့ အရေအတွက်ကို သေချာမသိဘူး”ဟု ဒေသခံ နောက် တစ်ဦးက ပြောသည်။
ဧည့်စာရင်းလာစစ်သောစစ်သားများက ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များကိုလည်း ဆဲဆိုကြိမ်းမောင်း သွားကြောင်း Rangoon Scout Network က ထုတ်ပြန်သည်။
ပန်းခြံ၁၆လမ်းသည် အောင်မေတ္တာလမ်းနှင့် အောင်ချမ်းသာလမ်းကြားတွင် တည်ရှိပြီး နံဘေး၌ လိမ်ကုန်းချောင်းရှိကြောင်း သိရသည်။