By Ra Wai / MPA
မြန်မာနိုင်ငံ၏ဆင်းရဲမွဲတေမှုသည် ၁၅ နှစ်တာအတွင်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့ပြီး လူဦးရေ၏ ၂၄ ရာခိုင်နှုန်းမှာလည်း အလွန်အမင်း မြင့်မား၍ စိုးရိမ်ရသော စားနပ်ရိက္ခာမလုံခြုံမှု ပြဿနာနှင့် ရင်ဆိုင်နေရကြောင်း သံအမတ်ကြီးဦးကျော်မိုးထွန်းကပြောသည်။
မြန်မာ လူဦးရေ၏ ထက်ဝက်ခန့်မှာလည်း ဆင်းရဲနွမ်းပါးမှုမျဉ်းအောက်သို့ ရောက်ရှိနေပြီဖြစ်ပြီး ယနေ့အထိ လူသားချင်းစာနာထောက်ထားမှုအကူအညီ လိုအပ်သူ သန်း ၂၀ ခန့် ရှိကာ ၃ဒဿမ၅ သန်းကျော်မှာနေရပ်စွန့်ခွာနေရကြောင်းဖေဖေါ်ဝါရီ၁၁ရက်၊နယူးယောက်မြို့၊ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပသည့် အစည်းအဝေးတစ်ရပ်၌ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောသည်။
“ကျတော်တို့အတွေ့အကြုံအရဆိုရင် တိုင်းပြည်စီးပွားရေးဟာ အခု အဆိုးရွားဆုံးအခြေအနေပဲ။ အရင် စစ်အစိုးရလက်ထက်က ဝန်ထမ်းတွေရဲ့ဘဝ မတိုးတက်လာရင်သာရှိမယ်။သူဌေးတွေကတော့ အလုပ်ဖြစ်တယ်။အခုမင်းအောင်လှိုင်လည်း အာဏာသိမ်းပြီးရော သူဌေးတွေပါ အလုပ်အကိုင်ပျက် ပြီး ဒုက္ခရောက်နေတော့တယ်”ဟု ရန်ကုန်မြို့ရှိ အီလက်ထရောနစ်လုပ်ငန်းရှင်တစ်ဦးက MPAသို့ ပြောသည်။
မြန်မာနိုင်ငံတွင် အလုပ်လက်မဲ့နှုန်း အလွန်အမင်း မြင့်တက်လျက်ရှိပြီး အိမ်ထောင်စု လေးပုံ သုံးပုံမှာ ဝင်ငွေ သိသိသာသာနည်းပါးလာခြင်းတို့နှင့် ရင်ဆိုင်နေရကြောင်းစစ်တပ်က အတင်းအကျပ် တပ်သား စုဆောင်းနေခြင်းကလည်း စီးပွားရေး ဆုတ်ယုတ် လာခြင်း၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး လူငယ်လူရွယ်များကို လုံခြုံမှု ကင်းမဲ့စေကာ ၎င်းတို့၏ အနာဂတ်များအား မရေရာမှုများ ဖြစ်ပေါ်စေလျက်ရှိကြောင်းလည်း ဆိုသည်။
မျက်မှောက်အခြေအနေများအရ မြန်မာနိုင်ငံတွင် ပြည်သူများအတွက် လူမှု လုံခြုံရေး လုံးဝ မရှိတော့ ကြောင်း ထို့ကြောင့် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာအရေးကိစ္စအား ပိုမို အလေးထား အာရုံစိုက် ဖြေရှင်းသင့်ကြောင်းလည်းဆိုသည်။
နိုင်ငံတကာအသိုက်အဝန်းနှင့် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် စစ်တပ်ထံသို့ လက်နက်များ၊ ဂျက်လေယာဉ်ဆီနှင့် ငွေကြေးများ ဖြတ်တောက်ပေးခြင်းအားဖြင့် စစ်အာဏာရှင် စနစ် ချုပ်ငြိမ်းစေရေးအတွက် ပံ့ပိုး ကူညီပေးကြပါရန်လည်း သံအမတ်ကြီးက ထပ်လောင်း တောင်းဆိုခဲ့သည်။