By MPA
ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရာ၌ ဗဟိုချုပ်ကိုင်မှု စနစ်ကို ပြန်လည် အားကောင်းစေမည့် ဗဟိုအခြေပြု ဖက်ဒရယ်စနစ်ကို ထိန်းချုပ်နိုင်ရန်အတွက် ဖက်ဒရယ် အသွင်ကူးပြောင်းရေး အစီအမံဆိုင်ရာ အခြေခံဥပဒေကို ရေးဆွဲနေပြီဖြစ်ကြောင်း တိုင်းရင်းသားခုခံတော်လှန်ရေးအဖွဲ့အစည်းများ ပြည်နယ်၊ လူမျိုး ကိုယ်စားပြု ဖက်ဒရယ်ကောင်စီများက ယနေ့(ဖေဖော်ဝါရီ ၁၂ရက်) တွင် ထုတ်ပြန်ထားသည်။
တော်လှန်ရေးအဖွဲ့အစည်းများသည် ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အ၀ ရရှိရေးအတွက် စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းကာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် တိုက်ပွဲဝင်လျက်ရှိသည်ဟု ထုတ်ပြန်ချက်တွင် ဆိုထားသည်။
ထိုကဲ့သို့ စစ်ကောင်စီကို တော်လှန်နေသည့်အပြင် နိုင်ငံရေးအရ ဦးတည်ချက် ခြောက်ရပ်၊ ရပ်တည်ချက် ကိုးရပ်နှင့် လုပ်ငန်းစဉ် ခြောက်ရပ်ပါရှိသည့် ” စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် အတူတကွ လက်တွဲတော်လှန် တိုက်ပွဲဝင်နေကြသော အဖွဲ့များ၏ ဘုံသဘောထားရပ် တည်ချက် ” ကို ၂၀၂၄ခုနှစ်၊ ဇန်နဝါရီ ၃၁ရက်တွင် ထုတ်ပြန်ခဲ့ပြီး အဖွဲ့များပိုမိုပါဝင်လစေရန် ညှိနှိုင်းမှုများ ဆက်လက်ပြုလုပ်နေသည်ဟုလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ယင်းထုတ်ပြန်ချက်တွင် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးကို လိုလားသည့် အဖွဲ့အစည်းများ အားလုံးနှင့် လက်တွဲတော်လှန်သွားမည်ဖြစ်ဟုလည်း ဖော်ပြထားသည်။
ဆက်လက်ပြီး ဗဟိုချုပ်ကိုင်မှုစနစ်သည် အစိုးရအဆက်ဆက် နှစ် ၇၀ ကျော်တည်ရှိနေသည့် နိုင်ငံရေး ပြဿနာများကို မဖြေရှင်းနိုင်မှုအပြင် ပိုမိုရှုပ်ထွေးသည့် ပြဿနာများ ဖြစ်ပေါ်စေသည်မှာ ပကတိတရားဖြစ်နေသောကြောင့် ကြားကာလမှ စတင်ကာ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရာမှုကို လက်တွေ့ဖော်ဆောင်ပြီး အသွင်ကူးပြောင်းရေးကာလအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကဲ့သို့ သက်ရောက်မှုရှိသော အုပ်ချုပ်ရေးစာတမ်းအဖြစ် ကျင့်သုံးဆောင်ရွက်ရန် ဖက်ဒရယ် အသွင်ကူးပြောင်းရေး အစီအမံဆိုင်ရာ အခြေခံဥပဒေအား စတင်ရေးဆွဲနေပြီဟု ထုတ်ပြန်ချက်တွင် ကြေညာထားသည်။
ထို့ကြောင့် စစ်အာဏရှင်ကို တော်လှန်နေသည့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့် ယခုကာလမှစတင်ကာ အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရာ၌ ဗဟိုချုပ်ကိုင်မှု စနစ် ပြန်လည်အားကောင်းစေမည့် ဗဟိုအခြေပြု ဖက်ဒရယ်စနစ်ကို လက်ခံကျင့်သုံးမည်မဟုတ်ကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၊ ကရင်အမျိုးသားအစည်းအရုံး၊ ချင်းအမျိုးသားတပ်ဦး၊ မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင် ဆန့်ကျင်ရေး)၊ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ၊ မွန်ပြည်နယ် ဖက်ဒရယ်ကောင်စီ၊ တအာင်းနိုင်ငံရေးအတိုင်ပင်ခံကောင်စီ နှင့် အမျိုးသမီးများအဖွဲ့ချုပ်( မြန်မာနိုင်ငံ) က ပူးတွဲထုတ်ပြန်ထားသည်။