By Ra Wai / MPA
အာဏာသိမ်းစစ်ကောင်စီလက်ထက်တွင် နိုင်ငံခြားချေးငွေများ မရရှိသဖြင့် ကုန်ထုတ်လုပ်မှု တိုးတက်စေရေး ဆောင်ရွက်လျက်ရှိကြောင်း မင်းအောင်လှိုင်က ပြောသည်။
ဖေဖေါ်ဝါရီ၁၁ရက်၊နေပြည်တော်၌ စစ်ကောင်စီခန့် တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်များနှင့် တွေ့ဆုံစဉ် မင်းအောင်လှိုင်က အထက်ပါအတိုင်း ပြောကြားခဲ့သည်။
“မအလ ရဲ့ ကုန်ထုတ်လုပ်မှုတိုးတက်ဖို့ ဘယ်လောက်တောင်လုပ်နေသလဲဆို နိုင်ငံခြားကနေ ကုန်ကြမ်းသွင်းဖို့ လိုင်စင်မချပေးလို့ ရပ်နေတဲ့စက်ရုံတွေလည်း မနည်းဘူး။လျှပ်စစ်မီးနပ်မှန်အောင် မပေးနိုင်၊ဆီဈေးကလည်းကြီးလို့ မီးလာမှ အလုပ်လုပ်နိုင်တဲ့စက်ရုံတွေလည်း လက်ညှိုးထိုးမလွဲပဲ။အ ခု မီးမရလို့ပဲ ရန်ကုန်က အိမ်တွင်းလုပ်ငန်းတွေရော စက်ရုံတွေရော ထိုးရပ်နေတာ မနည်းဘူး”ဟု ရန်ကုန်အခြေစိုက် အီလက်ထရောနစ်လုပ်ငန်းရှင်တစ်ဦးက MPAသို့ပြောသည်။
ယခင်ဒီမိုကရေစီအစိုးရ သက်တမ်းနှစ်ခုတွင် ကုန်သွယ်မှုမှ နိုင်ငံခြားငွေလိုအပ်ချက် ၂၄ဘီလီယံ ကျော်ရှိပြီး လိုအပ်သည့်နိုင်ငံခြားငွေများကို ပြည်ပချေးငွေ၊ထောက်ပံ့ငွေနှင့် Non Trade များမှ ရရှိ သည့်ငွေများဖြင့် ဖြည့်ဆည်းခဲ့ကြောင်း မင်အောင်လှိုင်က ဆိုသည်။
လက်ရှိတွင် CMPလုပ်ငန်းများနှင့် ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်နေသူများထံမှ နိုင်ငံခြားငွေ ရရှိသော်လည်း ရသင့်သလောက်မရကြောင်းလည်း မင်းအောင်လှိုင်က ပြောသည်။
ပြည်တွင်းတွင် နိုင်ငံခြားငွေအခက်အခဲများနှင့် ထုတ်လုပ်မှုကုန်ကျစရိတ် ကြီးမြင့်ခြင်းတို့ကြောင့် ကုန်ဈေးနှုန်းကြီးရခြင်းဖြစ်ကြောင်းလည်း မင်းအောင်လှိုင်က ဝန်ခံထားသည်။