By Nway / MPA
တော်လှန်ရေးအင်အားစုများ စုစုစည်းစည်းဖြင့် စစ်အာဏာရှင်စနစ်ကို အမြန်ဆုံးအမြစ်ဖြတ်နိုင်မှ ပြည်သူများ ဘက်ပေါင်းစုံ သက်သာမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။
ဖေဖော်ဝါရီ ၁၁ရက်၊ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ချုပ်က အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်ပြီးနိုင်ငံတစ်ဝန်း၌ နေရပ်စွန့်ခွာ စစ်ဘေးရှောင်ပြည်သူအရေအတွက်သည် ယခင်က သုံးသိန်းခုနှစ်သောင်းသာရှိခဲ့ရာမှ ယခုအခါ သုံးသန်းခွဲအထိ ရှိလာကြောင်းလည်းဆိုသည်။
” တော်လှန်ရေးအင်အားစုတွေအနေနဲ့လည်း တစ်ဖက်က စစ်ကောင်စီကို တိုက်ခိုက်ချေမှုန်းဖို့ ကြိုးစားကြရသလို တစ်ဖက်ကလည်း စစ်ကောင်စီဒုက္ခပေးလို့ ဒုက္ခအတိရောက်နေကြရတဲ့ ပြည်သူ တွေကို တတ်နိုင်သမျှ ဝိုင်းဝန်းကူညီဖို့ ကြိုးစားကြရတဲ့ အခြေအနေဖြစ်ပါတယ် ” ဟု ၎င်းကပြောသည်။
တော်လှန်ရေးအင်အားစုများ ပိုမိုစုစည်းကြရန်လိုအပ်လာသည့်အချိန်တွင် ပြည်သူကို ရှေးရှုကာ တော်လှန်ရေးကို မျက်နှာမူသည့် လုပ်ဆောင်ချက်များ၊ မူဝါဒများ ခိုင်ခိုင်မာမာစွဲကိုင်ပြီး သဘောထားမတိုက်ဆိုင်မှုများအား ကြိုးစားကျော်လွှားကြရမည် ဖြစ်ကြောင်းလည်း ပြောသည်။
” အခုဆိုရင် နိုင်ငံတကာဘက်မှာလည်း မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အိမ်နီးချင်း နိုင်ငံတွေကစလို့ EU အထိ အသံတွေ ကျယ်ကျယ်လောင်လောင် ထွက်လာနေတာ အားလုံးလည်း သတိ ထားမိမယ် ထင်ပါတယ်။ ဒီလိုလှုပ်ခတ်မှုတွေဟာ ကျတော်တို့နိုင်ငံအတွက် ကောင်းတာတွေလည်း ရှိ သလို၊ ဆိုးတာတွေကိုလည်း ဖြစ်လာနိုင်ခြေရှိပါတယ် ” ဟု ၎င်းက ဆက်လက်ပြောသည်။
ထို့ကြောင့် ဘက်ပေါင်းစုံက ဖြစ်ပေါ်လာ နိုင်ဖွယ်ရှိသည့် အခြေအနေများကို တွက်ဆပြီး လျင်လျင်မြန်မြန် တုံ့ပြန်မှုများ ပြုလုပ်ရန်လိုအပ်ကြောင်း၊ တစ်ခါတစ်ရံ အကျပ်အတည်းများမှအခွင့်အလမ်းလည်း ပေါ်လာနိုင်ပြီးကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
၂၀၂၅ခုသည် အခက်အခဲများကို ကျော်လွှားကြရမည့် နှစ်ဖြစ်သည်ကို နားလည်သိရှိပြီးဖြစ်မည်ထင်ကြောင်း၊ယင်းအခက်အခဲများကို အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ကောင်းစွာလျှောက်လှမ်းနိုင်မည်ဟု ယုံကြည်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။