By Maung Dagon / MPA
ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ်၊ လမ်းသစ်လမ်းထိပ်၌ ရောင်နီသီချင်း သံစဉ်အား တီးခတ်သည့် လူငယ်များ ဖမ်းဆီးခံခဲ့ရကြောင်း မျက်မြင်တွေ့ရှိသူများ၏ ပြောကြားချက်အရသိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ကိုးရက်က လူငယ်တီးဝိုင်းတစ်ခုသည် လမ်းသစ်လမ်း၌ ရောင်နီသီချင်းကို တီးခတ်ပြီးနောက် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်တွေ့ရှိသူများ၏ ပြောကြားချက်အရသိရသည်။
” သူတို့ တီးနေတုန်းမှာဘဲ ရဲကားရောက်လာပြီး ဆွဲတင်သွားတာ၊ ဘေးက လိုက်ဆိုနေတဲ့ လူငယ်တစ်ချို့ပါ ပါသွားတယ်” ဟု အဆိုပါ ဖြစ်စဥ်အား မျက်မြင်တွေ့ခဲ့သူ တစ်ဦးက ပြောသည်။
ရန်ကုန်မြို့တွင်းရှိ စစ်ကောင်စီ၏ အဖမ်းအဆီး သတင်းများအား တင်ပေးသည့် Rangoon Scout Newtwork ကလည်း ဖမ်းဆီးခံရသူ ငါးဦးရှိပြီး ဖေဖော်ဝါရီ ၉ရက်တွင်ပင် ဖမ်းဆီးခံလိုက်ရခြင်းဟု ဆိုသည်။
” ရဲတွေ ကားနဲ့ ရောက်လာပြီး ဖမ်းခေါ်သွားတယ်လို့ပဲ သိထားရပါသေးတယ်ဗျ၊ အသေးစိတ်နဲ့ နောက်ဆက်တွဲကို စုံစမ်းနေဆဲပါဗျ” ဟု Rangoon Scout Network မှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။
ဖေဖော်ဝါရီ ၉ရက် ညပိုင်းတွင် ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ Junction Mawtin အနီးရှိ လမ်းသစ်လမ်းထိပ်၌ လူငယ်နှစ်ဦးသည် ရောင်နီသံစဥ်အား တီးခတ်နေသည့် ဗီဒီယိုဖိုင် ပြန့်နှံ့လာခဲ့သည်။
မျှဝေသူနှင့် မှတ်ချက်ပေးသူ အများအပြား ရှိခဲ့သည့် အဆိုပါ ဗီဒီယိုဖိုင်တွင် ရောင်နီ သံစဥ်တီးခတ်သူ လူငယ်၂ဦးနှင့် အားပေးကြည့်ရှုနေသူ လူငယ်အချို့ ကို တွေ့ရသည်။
မျှဝေသူများနှင့် မှတ်ချက်ပေးသူများက အာဏာသိမ်းပြီးနောက် တော်လှန်ရေး သီချင်းတစ်ပုဒ် ဖြစ်လာခဲ့သည့် အဆိုတော်လင်းလင်း၏ ရောင်နီ သီချင်း သံစဥ်တီးခတ်သူ လူငယ်များကို ချီးကျူးကြသည်ကို တွေ့ရသည်။
သို့သော် အချို့ကမူ ဗီဒီယိုဖိုင် တင်လိုက်ခြင်းသည် ရောင်နီသီချင်း သံစဉ် တီးခတ်သူများအတွက် အန္တရာယ်ရှိနိုင်သည်ဟုဆိုကာ ဝေဖန်မှုများလည်းရှိခဲ့သည်။
” ဒီလိုတင်လိုက်မှ သူတို့ အန္တာရယ်ရှိနိုင်တာ၊ မတင်ရင် သက်သေမရှိတော့ ဘာမှ လုပ်မရသေးဘူး” ဟု ရန်ကုန်မြို့ခံ တစ်ဦးက ဝေဖန်ပြောဆိုသည်။
ယခု ဖမ်းဆီးခံလိုက်ရသည်ဆိုသော လူငယ်များမှာ လမ်းမတော်မြို့နယ်အတွင်း Busking သီဆိုတီးခတ်နေကျ လူငယ်များ ဖြစ်သည်ဟု သိရသည်။
” သူတို့တွေကို Junction Mawtin နားမှာ အမြဲတမ်းတွေ့ပါတယ်” ဟု လမ်းမတော်မြို့နယ်၌ နေထိုင်သည့် လူငယ်တစ်ဦးက ပြောသည်။
လက်ရှိတွင် အဆိုပါ လူငယ်များအား ဆက်လက်ဖမ်းဆီးထားခြင်း ရှိမရှိကိုမူ မသိရသေးပဲ စစ်ကောင်စီဘက်ကလည်း တစ်စုံတစ်ရာ ထုတ်ပြန်လာခြင်း မရှိသေးပေ။