By Hlaing / MPA
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့ပေါ်ရှိ လုပ်ငန်းရှင်များသည် စစ်ကောင်စီကို လစဉ် စစ်အသုံးစရိတ်ပေးရန် တောင်းခံရကြောင်း ဒေသခံလုပ်ငန်းရှင်များနှင့် Pyay Underground News(PUGN) ထံမှ စုံစမ်းသိရှိရသည်။
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ သုံးရက်က ပြည်မြို့ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ဒေသကွပ်ကဲရေးစစ်ဌာနချုပ်(ပြည်)မှ ဗိုလ်ကြီးနှစ်ဦး ဦးဆောင်သည့် စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများနှင့် ပြည်မြို့ပေါ်မှ ဆီဆိုင်ပိုင်ရှင် ၂၀ ဦးခန့်ကို ခေါ်ယူတွေ့ဆုံကာ ၎င်းတို့၏ စစ်အသုံးစရိတ် ထောက်ပံ့ကြေးအတွက် လစဥ်ကြေးပေးသွင်းရန် အသိပေးပြောဆိုခဲ့ခြင်း ဖြစ်သည်။
ထိုကဲ့သို့ လစဥ် ထောက်ပံ့ငွေပေးသွင်းရန် ကောက်ခံနေခြင်းမှာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် အာရက္ခတပ်တော်(AA) နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည့် ပဲခူးတိုင်း နှင့် ရခိုင်ပြည်နယ် နယ်စပ်ရှိ မိုးထိတောင်စခန်းမှ စစ်ကောင်စီစစ်သားများအတွက်ဟု ခေါင်းစဥ်တပ်ကာ ကောက်ခံနေခြင်းဖြစ်ကြောင်း သိရသည်။
“ ပြည်ထွေအုပ်ရုံးထဲမှာ ရုံးစိုက်ထားတဲ့ ခရိုင်အုပ်ချုပ်ရေးကောင်စီက ခေါ်တွေ့၊ အစည်းအဝေးလုပ်ပြီး ငွေတောင်းတာ၊ အခုကတည်းက ပေးနေရပြီ၊ တစ်လကို တစ်သိန်းခွဲ၊ အရင်က မပေးရဘူး။ အဲ့ဒီ မိုးထိက တပ်သားတွေရဲ့ အထွေထွေစရိတ်ထောက်ပံ့ဖို့ပေါ့၊ အဲ့ဒါမှ ပြည်မကို မတိုက်နိုင်မှာ၊ မတိုက်နိုင်မှ ခင်ဗျားတို့အေးအေးလူလူလုပ်စားလို့ရမယ်လို့ ပြောတယ်” ဟု ပြည်မြို့ပေါ်ရှိ အမည်မဖော်လိုသူ လုပ်ငန်းရှင်တစ်ဦးက MPA သို့ ပြောသည်။
ထို့ပြင် ဖေဖော်ဝါရီ ခုနှစ်ရက်တွင်လည်း ပွဲရုံပိုင်ရှင် ၂၀ ဦးခန့်ကို ပြည်မြို့အထွေထွေအုပ်ချုပ်ရေးဌာန၌ ခေါ်ယူတွေ့ဆုံကာ စစ်ကောင်စီတပ်ကို လစဥ်ထောက်ပံ့ကြေးငွေပေးသွင်းရန် ပြောဆိုခဲ့ကြောင်း ပွဲရုံလုပ်ငန်းရှင်များနှင့် နီးစပ်သူ အသက် ၂၅ နှစ်အရွယ်ရှိ ပြည်မြို့ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။
“ နောက်လည်း အဲ့ဒီ့လို အသုတ်လိုက်ဆီခေါ်တွေ့သွားမှာလို့ သိရတယ်။ တစ်ခါတွေ့ရင် လုပ်ငန်းကြီးသမား အယောက် ၂၀ ဝန်းကျင်လောက်ပဲ၊ ပြည် ထွေအုပ်ရုံးထဲမှာဘဲ ခေါ်တွေ့တာ” ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီက လုပ်ငန်းရှင်များထံ လစဥ်ငွေကြေးကောက်ခံသည့် သတင်းနှင့် ပက်သက်၍ Pyay Underground News(PUGN) ၌ ဖော်ပြထားသည့်အတွက် ဒေသကွပ်ကဲရေးစစ်ဌာနချုပ်(ပြည်) အတွင်းရှိ စစ်ကောင်စီတပ်သားများနှင့် မိသားစုဝင်များကို တပ်တွင်းသတင်းများမပေါက်ကြားစေရန် မှာကြားထားကြောင်း သိရသည်။
“ အဲ့ဒီ့ သတင်းကို ကျတော်တို့ PUGN မှာပါလာလို့ တပ်ထဲမှာအတော် ပွက်လောရိုက်နေတယ်။ တပ်တွင်းသတင်းမပေါက်ကြားစေဖို့ မှာကြားထားတယ်လို့ သိရတယ်” ဟု Pyay Underground News(PUGN) မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
လက်ရှိတွင်လည်း စစ်ကောင်စီက ပြည်မြို့အပါအဝင် သဲကုန်း၊ ပုတီးကုန်း၊ ပေါက်ခေါင်း၊ ပန်းတောင်း၊ ပေါင်းတလည်နှင့် ဆင်မြီးဆွဲမြို့များရှိ ငွေကြေးချမ်းသာသည့် လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးကာ သိန်းရာဂဏန်းခန့် ဖြင့်ပြန်ရွေးရန် ဖိအားပေး လုပ်ဆောင်မှုများရှိနေကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီ အာဏာသိမ်းခဲ့သည့် လေးနှစ်ကျော်ကာလအတွင်း ကရင်ပြည်နယ်၊ KNU တပ်မဟာ ၃ နယ်မြေနှင့် ထိစပ်လျက်ရှိနေသည့် ပဲခူးတိုင်းအရှေ့ခြမ်းတွင်သာမက ပဲခူးတိုင်းအနောက်ခြမ်းတွင်လည်း အာရက္ခတပ်တော်(AA)နှင့် ဒေသခံတော်လှန်ရေးတပ်ဖွဲ့များ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကို ခံရလျက်ရှိနေသည်။
ထိုကဲ့သို့ ထိုးစစ်ဆင်တိုက်ခိုက်ခြင်းခံနေရသည့် စစ်ကောင်စီသည် တိုက်ပွဲများနှင့် သက်ဆိုင်ခြင်းမရှိသည့် ရပ်ကွက်၊ ကျေးရွာများသို့ လက်နက်ကြီးနှင့် လေကြောင်းပစ်ကူများ အသုံးပြု၍ တိုက်ခိုက်ခြင်းများကြောင့် ဒေသခံများ သေဆုံးမှုများလည်း ရှိခဲ့သည်။