By Maung Dagon / MPA
အာဏာသိမ်း စစ်တပ်ကြောင့် အရပ်သားသေဆုံးမှုများဖြစ်ပွားနေခြင်းသည် “ ကိုယ်လုပ်လို့သေရင် အရပ်သားဖြစ်ကုန်တာပါပဲ” ဟု စစ်ကောင်စီကခန့်အပ်ထားသည့် သတင်းမီဒီယာကောင်စီ ဒုဥက္ကဌ ဦးခင်မောင်ဇော်က စွပ်စွဲ ပြောကြားထားသည်။
စစ်ကောင်စီ၏ သတင်းမီဒီယာကောင်စီ ဒုဥက္ကဌဖြစ်သူ ဦးခင်မောင်ဇော်က ၎င်း၏ မောင်ကောင်းရိပ်အမည်ရှိ လူမှုကွန်ရက်အကောင့်၌ ဖေဖော်ဝါရီ ကိုးရက်က အထက်ပါအတိုင်း ရေးသားခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီတပ်၏ ဒရုန်း၊ လက်နက်ကြီးနှင့် လေကြောင်း ပူပေါင်းစစ်ဆင်မှုများ အလုပ်ဖြစ်လာသည်ဟု ၎င်းရေးသားသည့် ပို့စ်၌ အရပ်သားသေဆုံးမှုများသည် အလုပ်ဖြစ်ပါသလားဟု မေးခွန်းထုတ်မှု တစ်ခုအား ဦးခင်မောင်ဇော်က ” ကိုယ်လုပ်လို့သေရင် အရပ်သား ဖြစ်ကုန်တာပါပဲ” ဟု ပြန်လည် မှတ်ချက်ပေး ဖြေခဲ့ခြင်း ဖြစ်သည်။
Facebook စာမျက်နှာ၌ မောင်ကောင်းရိပ်အမည်ဖြင့် အသုံးပြုနေသော ဦးခင်မောင်ဇော်သည် စစ်တပ်အသိုင်းအ၀ိုင်းက တည်ထောင်ထားသည့် မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့(MISIS)၏ အဖွဲ့ဝင်ဖြစ်သည့်အပြင် ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလက စစ်ကောင်စီဖွဲ့စည်းခဲ့သည့် သတင်းမီဒီယာကောင်စီ၏ ဒုဥက္ကဌ နှစ်ဦးအနက် တစ်ဦးအဖြစ်လည်း ပါဝင်ထားသည်။
ယခုကဲ့သို့ စစ်ရာဇဝတ်မှုကျူးလွန်နေသည့် စစ်ကောင်စီကို ဖုန်းကွယ် လိမ်ညာမှုဆောင်ရွက်ပေးနေသူများသည် စစ်ရာဇဝတ်မှုကျူးလွန်ရာ၌ ကြံရာပါအဖြစ် သတ်မှတ်နိုင်ကြောင်း ရန်ကုန်မြို့တွင် နေထိုင်သည့် ဥပဒေလေ့လာသူ တစ်ဦးက မှတ်ချက်ပြုသည်။
” သူပြောချင်တာက စစ်ကောင်စီက အရပ်သားတွေ သတ်ဖြတ်တာကို အသတ်ခံရတာ အရပ်သားတွေ မဟုတ်ဘူးလို့ ပြောတာဖြစ်တယ်။ ရာဇသတ်ကြီးမှာဘဲကြည့် လူသတ်သမားကို လူသတ်မှန်းသိရက်နဲ့ ဖုံးကွယ်ပေးရင် ဒါ လူသတ်မှုအတွက် ကြံရာပါလို့ ပြဌာန်းထားပါတယ်။ တရားဥပဒေသဘောအရတော့ မောင်ကောင်းရိပ်ဟာ စစ်ရာဇဝတ်မှုအတွက် ကြံရာပါပါပဲ” ဟု အမည်မဖော်လိုသည့် ဥပဒေလေ့လာသူ တစ်ဦးက ပြောသည်။
လက်ရှိ စစ်ကောင်စီ၏ သတင်းမီဒီယာကောင်စီသည် စစ်တပ်အာဏာသိမ်းအပြီး ဒုတိယအကြိမ်မြောက် ဖွဲ့စည်းထားသည်ကောင်စီဖြစ်ကာ ကြံ့ခိုင်ရေးပါတီနှင့် စစ်တပ်လွှမ်းမိုးထားသူများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည့်အတွက် လွတ်လပ်သော သတင်းသမားများက ၄င်းတို့အား အသိအမှတ်မပြုပေ။
” ကောင်စီ ဥက္ကဌဆိုတဲ့သူကပါ စစ်တပ်လူသတ်တာကို အားပေးနေတော့ စစ်ကောင်စီရဲ့ မီဒီယာကောင်စီက အဆိပ်အတောက်ကြီးဖြစ်နေပြီ၊ မီဒီယာကောင်စီဆိုတာ မီဒီယာနဲ့ အစိုးရပွတ်တိုက်မူကိုဖြန်ဖြေရမှာ အခု စစ်တပ်ဖွဲ့ထားတဲ့ ကောင်စီကတော့ ဝါဒဖြန့်ယန္တရား ပိုအားကောင်းအောင်လုပ်ပေးတာထက်မပိုတော့ဘူး။ သူယုတ်မာကို သူယုတ်မာတွေက ကာနေတဲ့ပုံပဲ” ဟု ပြည်တွင်းမှ လွတ်လပ်သောသတင်းသမားတစ်ဦးက ပြောသည်။
စစ်ကောင်စီ အာဏာသိမ်းခဲ့သည့် လေးနှစ်အတွင်း လက်နက်ကြီး ပစ်ခတ်မှုများနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားအများအပြားသေဆုံးခဲ့မှုနှင့် ပတ်သက်ပြီး လွတ်လပ်သော သတင်းဌာနများက ဖော်ပြသော်လည်း ပြည်တွင်း အခြေစိုက်မီဒီယာများနှင့် စစ်တပ်ဝါဒဖြန့် သတင်းဌာနများသည် ယင်းအချက်ကို ဖော်ပြမှုမရှိသည့် အပြင် စစ်ကောင်စီခန့် မီဒီယာကောင်စီကလည်း အဆိုပါသတင်းများ ဖော်ပြခြင်းမပြုရန် ကန့်သတ်မှုများ လုပ်ဆောင်လျက်ရှိနေသည်။
အဆိုပါ သတင်းမီဒီယာကောင်စီသည် စစ်ကောင်စီ အလိုကျ လုပ်ဆောင်ပေးနေရသည့် အဖွဲ့တစ်ခုဟု အများက မှတ်ချက်ပေးပြောဆိုကြပြီး ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလကလည်း စစ်ကောင်စီကို ထိခိုက်စေသည့် အရေးအသားများ မရေးရန် စစ်ကောင်စီ လိုင်စင်ချထားပေးသည့် မီဒီယာများထံသို့ တားမြစ်စာများ ပေးပို့ခဲ့သေးသည်။