By Maung Dagon / MPA
အာဏာသိမ်း စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယမန်နေ့(ဖေဖော်ဝါရီ ကိုးရက်)က ပြုလုပ်ခဲ့သည့် အကယ်ဒီမီပေးပွဲ၌ ရုပ်ရှင်အသိုင်းအ၀ိုင်းမှ ဝါဒကူဖြန့်ပေးရန်အတွက် ပြောဆိုမှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။
စစ်ကောင်စီခေါင်းဆောင်က ” နိုင်ငံတော် တည်ဆောက်ရေးတွင်လည်း ပြည်သူလူထု၏ အတွေးအခေါ် အယူအဆများ မှန်ကန်လာစေရေးနှင့် နိုင်ငံအကျိုးအတွက် ပြည်သူတစ်ရပ်လုံး ပါဝင်လာစေရန် နှိုးဆော်တိုက်တွန်းရာတွင် ထိရောက်သည့် အနုပညာစွမ်းပကားဖြင့် ဆောင်ရွက်ပေးကြစေလိုကြောင်း ” ရုပ်ရှင်အသိုင်းအ၀ိုင်း ဝါဒကူဖြန့်ပေးရန် ယခုကဲ့သို့ တောင်းဆိုသည့် စကားရပ်ကို ပြောကြားခဲ့ခြင်းလည်းဖြစ်သည်။
စစ်ကောင်စီခေါင်းဆောင်သည် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ တစ်ရက်တွင် ရွေးကောက်ခံ အစိုးရအား ၂၀၀၈ အခြေခံဥပဒေ ပြဌာန်းချက်များကို ဖောက်ဖျက်ကာ မဲမသမာမှု စွတ်စွဲချက်ဖြင့် အာဏာသိမ်းယူခဲ့သော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီဟုသာ အစဥ် လိမ်ညာပြောဆိုနေခဲ့သည်ကို တွေ့ရကြောင်း နိုင်ငံရေးအသိုင်းအ၀ိုင်းက ထောက်ပြမှုများရှိသည်။
” စောင်နီလေးတစ်ထည်ဆို အကယ်ဒမီတွေပါ ပေးပြစ်တာပဲ၊ သူတို့ဘက်ကသာပါ ဆုတွေ မလွဲစေရဘူး သဘောပေါ့၊ စိတ်ပျက်ဖို့ကောင်းတဲ့ ရုပ်ရှင်လောကပါ” ဟု ရုပ်ရှင်အသိုင်းအဝိုင်းနှင့် နီးစပ်သူ တစ်ဦးက မှတ်ချက်ပေးပြောဆိုသည်။
စစ်တပ် အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများကို အကြမ်းဖက် ဖြိုခွင်းခဲ့သဖြင့် လူငယ်အများအပြားက လက်နက်ကိုင်တော်လှန်မှုကို စစ်ကောင်စီက အကြမ်းဖက်သမားအဖြစ် သတ်မှတ်ခဲ့ပြီး စစ်ကောင်စီ ဝါဒဖြန့် သမားများက အစဉ်တစိုက် ဝါဒဖြန့်မှုများ ပြုလုပ်နေပြီး ယခုအခါ ရုပ်ရှင်အသိုင်းအဝိုင်းကပါ ယင်းသို့ ဝါဒဖြန့်ပေးရန် စစ်ကောင်စီခေါင်းဆောင်က တောင်းဆိုလာခြင်းလည်းဖြစ်သည်။
စစ်တပ် အာဏာသိမ်းစဉ်က ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သည့် ရန်အောင်၊ မေသန်းနုကဲ့သို့ နံမည်ကြီး သရုပ်ဆောင်များသည် ယခုအခါ စောနီလေးတစ်ထည်ကဲ့သို့ စစ်တပ်ဝါဒဖြန့် ဇာတ်ကားများ၌ ပါဝင်ကာ စစ်ကောင်စီဘက်က ရပ်တည်၍ ဝါဒဖြန့်မှုများ လုပ်ဆောင်ပေးလျက်ရှိကြောင်း စစ်ကောင်စီ ဖမ်းဆီးမှုကြောင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ တိမ်းရှောင်နေရသည့် အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
“ လက်ရှိ ပြည်တွင်းမှာ ရှိနေတဲ့ အနုပညာသမားဆိုတဲ့သူအများစုက သူတို့ပိုက်ဆံသာရရင် ဘာခိုင်းခိုင်းလုပ်မဲ့ အနေအထား၊ သူတို့ချောင်လည်နေရင် ပြည်သူတွေကိုပါ နင်းတက်မဲ့လူတန်းစားတွေလေ အခု စစ်ခေါင်းဆောင်က ပေါ်ပေါ်ထင်ထင် ဝါဒဖြန့်ဖို့တောင်းဆိုလာတာဆိုတော့ ဝါဒဖြန့်တဲ့ ရုပ်ရှင်တွေ ပိုမြင်လာရမဲ့ အနေအထားရှိတယ် ” ဟု ၎င်းက သုံးသပ်သည်။
စစ်ကောင်စီခေါင်းဆောင်က ရုပ်ရှင်အသိုင်းအဝိုင်းအား ဝါဒကူဖြန့်ပေးရန် ပြောဆိုရာတွင် အနုပညာ ၊အတတ်ပညာနှင့် နည်းပညာများ ပေါင်းစပ်ပါဝင်နေသည့် ရုပ်ရှင်သည် ပြည်သူလူထု၏ ရင်ထဲ နှလုံသားထဲသို့ ညင်ညင်သာသာနှင့် ထိထိရောက်ရောက် သြဇာလွှမ်းမိုးနိုင်သည့် သက်ရောက်မှုကြီးမားသည့် မီဒီယာ Soft Power ဖြစ်သည်ဟုလည်း ပြောဆိုခဲ့သည်။
အာဏာသိမ်းပြီးနောက် အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ရုပ်ရှင် အနုပညာများရှင်များစွာသည် နိုင်ငံအတွင်းမှ ထွက်ပြေးတိမ်းရှောင်နေရပြီး ၄င်းတို့ တတ်မြောက်သည့် အနုပညာဖြင့် စစ်တပ်အား တော်လှန်လျက် ရှိသည်။
အဆိုပါ အနုပညာရှင်များပါဝင်သည့် ရုပ်ရှင်ဇာတ်ကားများအား စစ်ကောင်စီက ရုံတင်ပြသခွင့်များ ပိတ်ပင်လေ့ရှိသည်ဟု အနုပညာသတင်းထောက် တစ်ဦးက ပြောသည်။
” ခြေဆယ့်တစ်လှမ်းဆို ဦးကျော်သူပါလို့ ရုံတင်ခွင့်ပိတ်တယ်လေ၊ အာဏာသိမ်း စစ်တပ်က သူတို့ သဘောဆောင်သူတွေကိုတော့ အကယ်ဒမီတွေ ဒလဟောပေးနေတာပဲ၊ စိုင်းစိုင်းခမ်းလှိုင်တို့ နေဝင်းတို့က အကယ်ဒမီ တန်းဝင် သရုပ်ဆောင်ချက်တွေ ရှိလို့လား” ဟု ၄င်းက ပြောသည်။
အာဏာသိမ်း စစ်တပ်သည် ၄င်းတို့ကို ဆန့်ကျင်ခဲ့၍ ဖမ်းဝရမ်း ထုတ်ခဲ့သော အနုပညာသမားများအား ခံဝန်ဖြင့် အနုပညာအလုပ်များ ပြန်လုပ်စေကာ နိုင်ငံအတွင်း ပုံမှန် အခြေအနေဖြစ်နေကြောင်း ပြသရန် ကြိုးစားလေ့ရှိသည်ဟု သိရသည်။
အဆိုပါ အနုပညာသမားများကလည်း အာဏာသိမ်း စစ်တပ်၏ ပြည်သူလူထုအပေါ် သတ်ဖြတ်ဖိနှိပ် အကြမ်းဖက်မှုများအား နှုတ်ဆိတ်နေတတ်ကာ အေးချမ်းသည့် ကာလတစ်ခုအတွင်း ပုံမှန် ရိုက်ကူးရေး လုပ်ငန်းများ လုပ်ကိုင်နေရသည့် သဖွယ်ပြုမူနေကြသည်ကိုလည်း တွေ့ရသည်။