By Nway / MPA
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တည်သီးတောပျူရွာတွင် အငတ်ဘေးဆိုက်နေသဖြင့် ရွာမှ ထွက်ခွာလိုသော ပြည်သူများကို ပျူစောထီးများကိုယ်တိုင် ထွက်ခွင့်ပြုထားကြောင်း သိရသည်။
တည်သီးတောပျူရွာတွင် အငတ်ဘေးဆိုက်နေသည်မှာ ရက် ၂၀ခန့်ရှိပြီဖြစ်ပြီး ယခုအခါ ယင်းရွာ၌ အသက်အရွယ်ကြီးရင့်သည့် ပြည်သူ ခုနှစ်ဦးနှင့် ပျူစောထီးများသာ ရှိတော့ကြောင်း ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ဒုတာဝန်ခံ ရဲဘော်ဗလကြီးက ပြောသည်။
” ပြည်သူတွေက ထမင်းမစားရဘဲ ရွာထဲရှိတဲ့ ပဲတွေချည်းပြုတ်စားနေရတာ။ ပျူတွေကတော့ တစ်ပတ်တစ်ခါ ရွာထဲက နွားတွေပေါ်ပြီး အခြောက်လှန်း ကင်စား၊ ဖုတ်စားတာတို့လုပ်တယ်။ ဆီမပါ ဆားမပါပဲ ဒီအတိုင်းစားနေရတာပေါ့” ဟု ၎င်းက MPAသို့ပြောသည်။
ဖေဖော်ဝါရီ ရှစ်ရက်နှင့်ကိုးရက်တို့တွင် တည်သီးတောပျူရွာမှ အသက်၉၀အရွယ် အဘွားတစ်ဦးအပါ အဝင် သက်ကြီးပိုင်း အမျိုးသမီးသုံးဦး၊ အမျိုးသားနှစ်ဦးနှင့် သက်လတ်ပိုင်း အမျိုးသားနှစ်ဦးတို့ ထွက်လာခဲ့ရာ ၎င်းတို့ကို သွားရောက် ကူညီကယ်ထုတ်ခဲ့ကြောင်း ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။
” ခုထွက်လာတဲ့သူတွေက ကြာရင် ငတ်သေတော့မှာ ထွက်ချင်တယ်လို့ ရွာက လက်နက်ကိုင်တွေကိုပြောတယ်။ လက်နက်ကိုင်တွေက ရန်ကုန်မှာရှိတဲ့ သူတို့အမျိုးတွေကို လှမ်းဆက်သွယ်ပေးတယ်။ အမျိုးတွေကနေ ကျတော်တို့ဆီ တစ်ဆင့်ဆက်သွယ်လာတော့ ကိုယ်တိုင် သွားခေါ်ပေးခဲ့တာပါဗျ ” ဟု ရဲဘော်ဗလကြီးက ပြောသည်။
ထွက်လာသည့် ပြည်သူများကို စစ်ဘေးရှောင်စခန်းသို့ ပို့ဆောင်ထားကာ ကူညီစောင့်ရှောက်ထားကြောင်း သိရသည်။
တည်သီးတောပျူရွာတွင် စစ်သားများမရှိဘဲ ပျူစောထီး အင်အား ၃၀ခန့်ရှိကြောင်း သိရသည်။
ယင်းပျူစောထီးများလည်း အလင်းဝင်လိုပါက ချိတ်ဆက်ဆောင်ရွက် ကယ်ထုတ်ပေးမည်ဖြစ်ပြီး လက်နက်ယူဆောင်လာပါက ထိုက်သင့်သော ဆုငွေ ချီးမြှင့်သွားမည် ဖြစ်ကြောင်း ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းထုတ်ပြန်ထားသည်။