By Nway / MPA
စစ်ကောင်စီ သံချပ်ကာတပ်ရင်းမှ ဗိုလ်ကြီးတစ်ဦး တော်လှန်ရေးရဲဘော်အစ်ကိုဖြစ်သူနှင့် ချိတ်ဆက်ကာ အလင်းဝင်လာကြောင်း ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)ထံက သိရသည်။
၂၀၂၅ခု၊ ဇန်နဝါရီအတွင်း၌ ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ အင်းတိုင်အခြေစိုက် အမှတ် ၇၀၁၀ သံချပ်ကာတိုက်ခိုက်ရေး တပ်ရင်းမှ ဗိုလ်ကြီးအောင်ဟိန်းထက် သည် ၎င်း၏အစ်ကိုတော်စပ်သူ ချိတ်ဆက်ကာ အလင်းဝင်လာခြင်းဖြစ်ကြောင်း ရေဦးမြို့နယ်ပကဖ တာဝန်ခံက ပြောသည်။
” သူက ရခိုင်ဘက်ကို တာဝန်ကျလိုက်သေးတယ်။ အဲဒီကိုအသွားမှာ သံချပ်ကာကားတွေ မီးရှို့ခံရတဲ့ဖြစ်စဉ်မှာ သူလည်းပါတယ်။ အဲဒါတွေကို ပစ်ပြီးပြေးခဲ့လို့ နောက်တန်းပြန်ပို့ခံ ရတဲ့အချိန်မှာ ကျန်းမာရေးနဲ့ ခွင့်ယူတယ်။ ပြီးတော့ ချိတ်ဆက်ပြီး ကျတော်တို့ဆီရောက်လာတာပဲ ” ဟု ၎င်းက MPA ကို ပြောသည်။
အလင်းဝင်လာသည့် ဗိုလ်ကြီးသည် စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်ရန် တောင်းဆိုထားသော်လည်း အခြေအနေအရ ရေဦးပကဖအနေဖြင့် ခွင့်မပြုသေးကြောင်း သိရသည်။
” သူတို့တပ်ရင်းထဲမှာတော့ ဖရိုဖရဲတွေဖြစ်နေတယ်လို့ပြောတယ်။ အခြေအနေအရ မိသားစုစားဝတ်နေရေးအရ နေရတဲ့သူလည်းရှိသလို အခုလို အဆက်အသွယ်ရှိတာနဲ့ ထွက်လာနေကြတာပဲ ” ဟု ၎င်းက ဆက်လက်ပြောသည်။
ဗိုလ်ကြီးအောင်ဟိန်းထက်သည် လုံခြုံရေးအရ လက်နက်ယူဆောင်လာနိုင်ခြင်းမရှိကြောင်း သိရသည်။
၂၀၂၅ခုနှစ်အတွင်း၌ ရေဦးမြို့နယ်ပကဖထံ ဗိုလ်ကြီးအောင်ဟိန်းထက်နှင့် ရဲတပ်သားတစ်ဦးအလင်းဝင်လာကြောင်း တရားဝင်ထုတ်ပြန်ထားပြီး လုံခြုံရေးအရ မထုတ်ပြန်ရသေးသည့် အလင်းဝင်သူများလည်း ရှိကြောင်း သိရသည်။