By Ko Paing/MPA
အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာနနှင့် စပ်လျဉ်းသော တာဝန်များအားလုံးမှ အနားယူလိုက်ပြီဖြစ်ကြောင်း အတွင်းဝန်ဦးနိုင်ထူးအောင်က ထုတ်ပြန်လိုက်သည်။
ဖေဖေါ်ဝါရီကိုးရက်၊ည၁၁နာရီခွဲကျော်တွင် NUGကာကွယ်ရေးဝန်ကြီးဌာန၊အတွင်းဝန် ဦးနိုင်ထူးအောင်က ၎င်း၏ဖေ့ဘွတ်ခ်စာမျက်နှာမှတစ်ဆင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
“MoD နှင့် စပ်လျဥ်းသော တာဝန်များ အားလုံးမှ အနားယူလိုက်ပြီ ဖြစ်ပါသည်။ တော်လှန်ရေးမှ လုံးဝ အနားမယူပါ။ ကျရာတာဝန်အား ဆက်လက်တာဝန်ယူသွားမည် ဖြစ်ပါသည်။ တာဝန်ယူခဲ့စဥ်တွင် ဆောင်ရွက်ခဲ့မှုများအတွက် အပြည့်အဝ လိပ်ပြာလုံသလို တာဝန်ယူခဲ့စဥ် ဆောင်ရွက်ခဲ့သော ကိစ္စရပ်များအတွက် တခုမကျန် တာဝန်ခံပါသည်။ အရေးတော်ပုံ အောင်ရမည်”ဟု ၎င်းက ရေးသား ထားသည်။
ဦးနိုင်ထူးအောင်၏ တာဝန်မှ အနားယူခြင်းသည် ပုံမှန် နှုတ်ထွက်ခြင်းမျိုးမဟုတ်ကြောင်း တောင်ပိုင်းတော်လှန်ရေးနယ်မြေအခြေစိုက် NUGအစိုးရနှင့် နီးစပ်သူတစ်ဦးက ဆို သည်။
“မလုပ်နိုင်လို့၊ အားနည်းချက်တွေ ရှိလို့ ၊ကျန်းမာရေးမကောင်းလို့ စသဖြင့် ထွက်တာဆို ကောင်းပါတယ်။ စိတ်ဆိုးစိတ်ကောက်ပြီး ထွက်တာဆိုရင်တော့ မကောင်းဘူးပေါ့။ သူတင်ထားတဲ့ ပို့စ်အရ မှန်းကြည့်ရတာတော့ ကြည်ကြည်သာသာ ထွက်တဲ့ပုံမပေါ်ဘူး။ အရေးအသားမှာ ရန်လိုတဲ့ လေသံ လေးတွေ မြင်ရတယ်။ တာဝန်ယူခဲ့စဉ်က ကိစ္စတွေကို လိပ်ပြာလုံတယ်။ တစ်ခုမကျန် တာဝန်ခံမယ်ဆိုပြီး ရေးထားတာလည်း တွေ့ရတယ်” ဟု ၎င်းက MPAသို့ ပြောသည်။
ဦးနိုင်ထူးအောင်သည် NUGကာကွယ်ရေးဝန်ကြီးဌာနတွင် အတွင်းဝန်တင်မကဘဲ အခြားသော ရာထူး များလည်း ရှိကြောင်း ၎င်းကဆိုသည်။
ယင်းအနားယူမှုနှင့်ပတ်သက်ပြီးမေးမြန်းရန် ဦးနိုင်ထူးအောင်ထံ MPAက ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရသေးပေ။