By Ra Wai / MPA
မန္တလေးတိုင်း၊ မလှိုင်မြို့ပေါ်တွင် သုံးရက်အတွင်း လူငယ် ၃၀ ဝန်းကျင်သည် စစ်ကောင်စီ၏ ဖမ်းဆီးပေါ်တာဆွဲခြင်းခံထားရကြောင်း သိရသည်။
၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီ ခုနှစ်ရက်နေ့မှ ကိုးရက်နေ့အထိ မလှိုင်မြို့ပေါ် လမ်းသွားလမ်းလာနှင့် လက်ဖက်ရည်ဆိုင်ထိုင်နေသည့် လူငယ်များကို စစ်တပ်က ဖမ်းဆီးပေါ်တာဆွဲခဲ့ခြင်းဖြစ်ကြောင်း လူထုသတင်းကွန်ရေက် မလှိုင်မြို့အဖွဲ့ထံမှသိရသည်။
” ညနေ သုံးနာရီခွဲ (ဖေဖော်ဝါရီ ကိုးရက်)လောက်ကစပြီး မြို့လယ် မီးပွိုင့်မှာ သေနတ်ပစ်ဖောက်တာ၊ လမ်းသွားလမ်းလာ၊ စျေးသွာ စျေးပြန်ပြည်သူတွေကို ဟိန်းဟောက်ခြောက်လှန့်ပြီး ပေါ်တာဆွဲမှုတွေကို ပြုလုပ်နေတယ်လို့ သိရပါတယ်။ မီးပွိုင့်အနီး အနား လက်ဖက်ရည်ဆိုင်ထဲလည်း ဝင်ဆွဲတယ်။ ပါသွားတဲ့ ကလေးတွေ ရှိပေမဲ့အရေ အတွက်တော့မသိရသေးပါဘူး။ အခုရက်ပိုင်း ပေါ်တာဆွဲခံရတာ ၃၀လောက်ရှိပြီ ” ဟု လူထုသတင်းကွန်ယက်မလှိုင်မြို့အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
ယင်းသို့ ဖမ်းဆီးမှုကြောင့် ညနေ လေးနာရီ၌ပင် မြို့ထဲ၌ လူသွားလူလာရှင်းသွားပြီး ဈေးဆိုင်များလည်း ပိတ်သိမ်းသွားကြောင်း ၎င်းကပြောသည်။
” မနေ့က(ဖေဖော်ဝါရီ ကိုးရက်)တော့ လေးနာရီလောက်ကတည်းက လူရှင်းသွားတာပေါ့။ ပထမတော့ သွားလာနေကြပေမဲ့ သေနတ်ပစ်သံ ဆိုင်ထဲဝင်ဆွဲသံကြားတော့ အကုန်ပြန်ကြရတာပေါ့။ မြို့တွင်းကတော့ ညနေ ခြောက်နာရီဆို လမ်းသွားလမ်းလာမရှိတာကြာပါပြီ ” ဟု ၎င်းကပြောသည်။
ဖမ်းဆီးခံရသူများအနက် ပြန်လွတ်သူများရှိသော်လည်း စစ်တပ်နှင့် နီးစပ်သူများသာဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။
ပြီးခဲ့သည် နိုဝင်ဘာလအတွင်းကလည်း မလှိုင်မြို့ပေါ်ရပ်ကွက်တချို့နှင့် စက်ရုံများတွင် အလုပ်လုပ်နေသည့် လူငယ် ၈၀ကျော်ဖမ်းဆီးခံခဲ့ရပြီး ပိုက်ဆံပေးနိုင်သူများသာ ပြန်လွတ်ခဲ့ကြောင်း သိရသည်။