By Poesangle/ MPA
ရှမ်းပြည်နယ်တောင်ပိုင်းတွင် စစ်ကောင်စီနှင့် ပူးပေါင်းထားသည့် ပအိုဝ်းပြည်သူ့စစ်(PNO)တပ်သည် မိမိလူမျိုးဖြစ်သည့် ပအိုဝ်းပြည်သူများကို ပြန်သတ်သည့် အဆင့်ရောက်နေပြီဖြစ်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်ယံက MPAသို့ ပြောသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းဒေသဖြစ်သည့် ဆီဆိုင်မြို့နယ်ရှိ ကျေးရွာများကို စစ်ကောင်စီနှင့် PNO တို့က ယခုနှစ် ဇန်နဝါရီ ခြောက်ရက်မှ ဖေဖော်ဝါရီ ခြောက်ရက်အထိ တစ်လအတွင်း ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ပြည်သူငါးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့မှုနှင့် ပတ်သက်ပြီး PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်ယံက PNO တပ်ဖွဲ့အပေါ် အထက်ပါအတိုင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
“ ကျတော်တို့ကြား တိုက်ပွဲဖြစ်ပွားတာမရှိဘူး။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြည်သူတွေကို ဦးတည်ပြီး ဒရုန်းနဲ့ ဗုံးကြဲတယ်။ ပြီးတော့ ဟောင်ဝစ်ဇာနဲ့လည်း လေးကြိမ်ပစ်တယ်။ ပအိုဝ်းပြည်သူ့စစ်တပ်ဖွဲ့မှာ ပအိုဝ်းတိုင်းရင်းသားလူမျိုးတွေက အများစုဆိုပေမဲ့ ကိုယ့်လူမျိုးကို သတ်ဖြတ်နေတာ လိပ်ပြာလုံရဲ့လားလို့ မေးချင်ပါတယ်” ဟု PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်ယံက ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ခြောက်ရက်က တောင်ယာမှ ပြန်လာသည့် ဆီဆိုင်မြို့နယ်၊ ကောင်ထိုကျေးရွာမှ ခွန်ဖါလိန်နှင့် နန်းဆွေ လင်မယားနှစ်ဦးသည် လွယ်ချယ်နှင့် တပူးထိုရွာလမ်းခွဲအနီး စစ်ကောင်စီနှင့် PNO တို့၏ ဒရုန်းဖြင့် ဗုံးကြဲမှုကြောင့် သေဆုံးခဲ့ရကြောင်း PNLA က ထုတ်ပြန်ထားသည်။
“ ပြည်သူ့စစ်နဲ့ စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ နေ့တိုင်းပစ်နေတော့ ရွာမှာ မနေရဲဘူးလေနော်၊ တောထဲပြေးတဲ့သူလည်းပြေး၊ မြို့ကိုပြေးတဲ့သူလည်းပြေး၊ အခြားမြို့ကို ရှောင်သူလည်းရှောင်နေတာတွေရှိတယ်။ အိမ်ပြန်ချင်တာပေါ့၊ ပြန်လို့လည်းမရသေးဘူး။ တစ်နေ့ကတင် လင်မယားနှစ်ယောက် ဗုံးထိလို့ သေသွားတယ်လို့ကြားတယ်။ စစ်ကိုပြီးစေချင်ပြီ၊ အိမ်ကို ပြန်ချင်နေပြီ ” ဟု ဆီဆိုင်မြို့ခံ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။
လက်ရှိ PNO ကို နေဝင်းထွန်းဆိုသူက ဦးဆောင်ထားခြင်းဖြစ်ပြီး PNO တပ်ဖွဲ့ဝင်များသည် မိမိလူမျိုးထက် ၎င်း၏ အကျိုးစီးပွားကို ကာကွယ်ပေးနေရခြင်းဖြစ်ကြောင်း ခွန်ရိန်းယံက ထောက်ပြသည်။
ယင်းအပြင် ဇန်နဝါရီ ၁၇ရက်ကလည်း ဆီဆိုင်မြို့နယ်အရှေ့ခြမ်း ပင်ငို၊ နောင်ကျောနှင့် ဖြီကျွတ်ကျေးရွာအနီး စစ်ကောင်စီနှင့် PNO ပူးပေါင်းတပ်ဖွဲ့နှင့် PNLA ုတို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံ ထောင်နှင့်ချီကာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
ထို့ပြင် ဇန်နဝါရီ ၁၁ရက်တွင်လည်း ဆီဆိုင်မြို့နယ်၊ ဖြီကျွတ်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ဂျက်ဖိုက်တာအသုံးပြုပြီး လေးကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အရပ်သား နှစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့သည့်အပြင် ဇန်နဝါရီ ခြောက်ရက်တွင်လည်း ထီစုံကျေးရွာသို့ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် နေအိမ် ၂၄လုံး ပျက်စီးခဲ့ရသည်။
“ စစ်ကောင်စီက ဆီဆိုင်မြို့ရဲ့ အရှေ့ဘက်ခြမ်းကို လက်နက်ကြီး ပစ်ကူတာရှိတယ်။ နေ့တိုင်းလိုလိုကိုပစ်နေတာ၊ တိုက်ပွဲမဖြစ်လည်း ပစ်တယ်။ စစ်ရှောင်တွေလည်း တဖြည်းဖြည်းများလာတယ်။ အခုဆိုရင် လေးထောင်ကျော်လောက်ရှိနေပြီ၊ ကူညီပေးမဲ့အဖွဲ့အစည်းလည်းမရှိဘူး။ သွားလာဖို့လည်း အဆင်မပြေဖြစ်နေတယ်။ ကိုယ့်အနီးအနားက စစ်ရှောင်တွေကိုပဲ ကူနိုင်တယ် ” ဟု ဆီဆိုင်မြို့နယ်အတွင်း စစ်ဘေးရှောင်များကို ကူညီပေးနေသည့် အမျိုးသားတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၁၂ရက်က ထီစုံကျေးရွာအနီးသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီနှင့် PNO တပ်ဖွဲ့ကို PNLA က ကြားဖြတ်တိုက်ခိုက်ရာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ဗိုလ်မှူးတစ်ဦးအပါအဝင် ၂၀ခန့်သေဆုံးခဲသလို PNLA ဘက်က ရဲဘော်တစ်ဦးကျဆုံးပြီး ငါးဦးဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
PNLA ဘက်က ဖမ်းဆီးခံခဲ့ရသည့် ရဲဘော်ငါးဦးကို PNO တပ်ဖွဲ့က ညှင်းပန်းနှိပ်စက်မှုများပြုလုပ်ပြီး သတ်ဖြတ်ခဲ့ကြောင်း PNLA ဇန်နဝါရီ ၁၄ရက်တွင် ထုတ်ပြန်ထားသည်။
PNO တပ်ဖွဲ့သည့် ၂၀၀၉ ခုနှစ်တွင် ပြည်သူ့စစ်အဖြစ်ပြောင်းလဲခဲ့ပြီး စစ်တပ်လက်အောက်ခံ အဖွဲ့အစည်းတစ်ခုအဖြစ် ခံယူခဲ့ခြင်းလည်းဖြစ်သည်။ လက်ရှိအချိန်တွင် ပအိုဝ်းဒေသအတွင်း အမျိုးသမီးများပါမကျန် ဒေသခံများကို စစ်သားသစ်အဖြစ်စုဆောင်းမှုများ ပြုလုပ်လျက်ရှိသည်။
ပအိုဝ်းဒေသအတွင်း စစ်ကောင်စီကို ပြန်လည်တော်လှန်နေသည့် PNLA တပ်ဖွဲ့သည့် ၂၀၁၅ခုနှစ်၊ မတ် ၁၅ရက်၌ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) စာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည့် အဖွဲ့ဖြစ်သော်လည်း၊ ၎င်းတို့ လက်နက်သယ်ဆောင်မှုကို စစ်ကောင်စီကဟန့်တားခဲ့မှုကြောင့် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလမှ စတင်ကာ ရှမ်း-ကယား နယ်စပ်ဖြစ်သည့် ဆီဆိုင်မြို့ကို ယာယီသိမ်းပိုက်ပြီးနောက် တိုက်ပွဲများ လက်ရှိအချိန်ထိဖြစ်ပွားနေခြင်းဖြစ်သည်။
စာတည်း – ကိုဆန်း