By Nway / MPA
ထောင်ဝန်ထမ်းများက နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုဝင်များထံ ငွေကြေးလိမ်လည်တောင်းခံမှုများ ပြုလုပ်နေကြောင်း သိရသည်။
၂၀၂၅ခုနှစ် ဇန်နဝါရီအစောပိုင်းမှစ၍ အကျဉ်းဦးစီးဝန်ထမ်းများသည် နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုဝင်များထံ ဖုန်းဖြင့်ဆက်သွယ်၍ အကြောင်းပြချက်အမျိုးမျိုးပြောဆိုကာ ငွေကြေးလိမ်လည်တောင်းမှုများရှိလာကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ယနေ့ ( ဖေဖော်ဝါရီ ၈ရက် ) သတင်း ထုတ်ပြန်သည်။
” လိမ်လည်မှုတွေမှာ ထောင်အာဏာပိုင်အရာရှိတွေလည်း ပါဝင်နေပါတယ်။ အဆောင်မှူးလိုမျိုး တာဝန်ခံတွေလည်း ပါဝင်နေတာမျိုးရှိတယ်ပေါ့နော်။ အကျဉ်းဦးစီးရဲ့ဝန်ထမ်းတွေတင်မဟုတ်ဘဲ ဝန်ထမ်းတွေရဲ့ မိသားစုဝင်တွေကနေတစ်ဆင့် ကြားခံထားပြီး လိမ်နေတာလည်းရှိတယ် ” ဟု PPNM ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက MPA ကို ပြောသည်။
အိုးဘိုထောင်၊ ဒိုက်ဦးထောင်၊မြိတ်ထောင်နှင့် ညောင်ဦးထောင်တို့မှ ထောင်ဝန်ထမ်းများက နိုင်ကျဉ်းမိသားစုဝင်များထံ ဖုန်းဖြင့်ဆက်သွယ်၍ ငွေကြေးလိမ်လည်တောင်းခံနေသည်ကို စိစစ်တွေ့ရှိရကြောင်း PPNM က အတည်ပြုထားနိုင်သည်ဟု ဆိုသည်။
“ လက်ရှိတော့ အတိအကျ အတည်ပြုထားနိုင်တဲ့ဟာတွေကိုပဲ ထုတ်ပြန်ရတာပေါ့နော်။ ဒါပေမဲ့၊ ဒီထောင်တွေတင်မဟုတ်ဘူးဗျ။ သရက်အကျဉ်းထောင်နဲ့ တခြားထောင်တွေမှာလည်း ဒါတွေဖြစ်နေ တယ် ” ဟု ၎င်းက ဆက်လက်ပြောသည်။
ဒိုက်ဦးထောင်တွင် အိပ်ဆောင်လေး အဆောင်မှူး မျိုးသီဟအောင် အပါအဝင် ဒိုက်ဦးထောင်ရှိ ဝန်ထမ်းအချို့သည် နိုင်ကျဉ်းများ၏ မိသားစုဝင်များထံက ငွေကြေးအနည်းဆုံး တစ်သိန်းမှစ၍ သိန်း၁၀၀ ဝန်းကျင်အထိ လိမ်လည်ထားသည့် သက်သေများ စုဆောင်းရရှိထားကြောင်း PPNM က ဆိုသည်။
ဇန်နဝါရီလက အိုးဘိုထောင်၌ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှုအပေါ် အခွင့်ကောင်းယူ၍ နိုင်ငံရေးအကျဉ်းသူများ၏ မိသားစုဝင်များကို အကျဉ်းဦးစီးဝန်ထမ်း ဆုပိုပိုလင်းက ဓာတ်ဆားထုပ် ဝယ်ယူရန်ဟု ဆိုကာ ငွေကြေးတောင်းခံမှုများရှိခဲ့ပြီး ယနေ့အချိန်ထိ အခြားကျန်းမာရေးနှင့် ထောင်မပြောင်းရရေးအကြောင်းပြချက်ဖြင့် ငွေကြေးလိမ်လည်တောင်းခံနေဆဲဖြစ်ကြောင်း သိရသည်။
မြိတ်ထောင်နှင့် ညောင်ဦးထောင်တို့တွင်လည်း ငွေကြေးလိမ်လည်မှုများရှိနေပြီး ညောင်ဦးထောင်၌ ငွေကြေး ပျမ်းမျှ ကျပ်တစ်သိန်းမှ ကျပ်သုံးသိန်းအထိ တောင်းခံလျက်ရှိသူမှာ ကျော်လေး ဆိုသူ ဝန်ထမ်းဖြစ်ပြီး ဆရာသော် အမည်ဖြင့် အကျဉ်းဦးစီးဝန်ထမ်း တစ်ဦးကလည်း ငွေကြေးလိမ်လည်လျက်ရှိကြောင်း PPNM က ဆိုသည်။
ငွေကြေးလိမ်လည်တောင်းခံနေသည့် အကျဉ်းဦးစီးဝန်ထမ်းများအနေဖြင့် လိမ်လည်တောင်းခံ နေသည့် လုပ်ရပ်များကို ရပ်တန့်ရန်နှင့် ဆိုးရွားလာပါက လူမှုရေးပြစ်ဒဏ်များပါ ပေးနိုင်ရေးအတွက် ကျုးလွန်သူကို ဓာတ်ပုံနှင့်တကွ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း PPNM က သတိပေးထားသည်။