By MPA
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ် တည်ဆောက်ရေးအတွက် ရှမ်းတိုင်းရင်းသားလူမျိုးစုများ အားလုံး NUG အစိုးရနှင့် လက်တွဲညီညာစွာ ဆောင်ရွက်စေလိုကြောင်း ဖိတ်ခေါ်လိုက်သည်။
ယနေ့(ဖေဖေါ်ဝါရီ ခုနှစ်ရက်) ကျရောက်သော ၇၈ နှစ်မြောက် ရှမ်းပြည်အမျိုးသားနေ့အတွက် NUG အစိုးရက ပေးပို့သည့်သဝဏ်လွှာတွင် အထက်ပါအတိုင်း ဖိတ်ခေါ်ထားခြင်းဖြစ်သည်။
ဒီမိုကရေစီအရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့အတွက် တိုက်ပွဲဝင်ခဲ့ကြသော ခေတ်အဆက်ဆက် ရှမ်းတိုင်းရင်းသားခေါင်းဆာင်များနှင့် ယခုလက်ရှိနွေဦး တော်လှန်ရေးအတွင်း အသက်၊ သွေး၊ ချွေး စတေး၍ ပေးဆပ်ခဲ့သော ရှမ်းအမျိုးသားသူရဲကောင်း အပေါင်းအား NUG အစိုးရက လေးမြတ်စွာ ဂုဏ်ပြုဦးညွှတ် မှတ်တမ်းကြောင်းလည်း ဖော်ပြထားသည်။
ရှမ်းအမျိုးသားတော်လှန်ရေးလှုပ်ရှားမှုများသည် လွပ်လပ်ရေးရပြီးချိန်မှစ၍ ပြည်သူ့နွေဦး တော်လှန်ရေးအထိတိုင်အောင် ပါဝင်နေကြသည့် ပြည်သူလူထု နှင့် တော်လှန်ရေးမဟာမိတ်များကြား တွင် စိတ်ခွန်အားများ တိုးပွားစေခဲ့ကြောင်းလည်း ဆိုသည်။
၇၈ နှစ်မြောက် ရှမ်းပြည်အမျိုးသားနေ့အခမ်းအနားသို့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ -RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီးယွက်စစ် ပေးပို့သည့် သဝဏ်လွှာတွင်မူ နိုင်ငံရေးပြဿနာကို စစ်ရေးဖြင့် မဟုတ်ဘဲ နိုင်ငံရေးနည်းလမ်းဖြင့်သာ ဖြေရှင်းရန် ဖော်ပြထားသည်။
၇၇ နှစ်တာအတွင်း ပြည်တွင်းစစ်မီး စဉ်ဆက်မပြတ်တောက်လောင်ခဲ့ခြင်းမှာ အချင်းချင်းကြား ရိုး သားမှုမရှိခြင်း၊ပင်လုံစာချုပ်အတိုင်း မဆောင်ရွက်နိုင်ခြင်း၊ယုံကြည်မှုမတည်ဆောက်နိုင်ခြင်းနှင့် တွေ့ဆုံဆွေးနွေးခြင်းနည်းလမ်းနှင့် ပြဿနာများကို မဖြေရှင်းနိုင်ခြင်းတို့ကြောင်းဖြစ်ကြောင်း ဗိုလ် ချုပ်ကြီးယွက်စစ်က ဆိုသည်။
RCSS သည် ပြဿနာများကို ဆွေးနွေးခြင်းနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေး ပေါ်လစီချမှတ်ထားသည့် အတွက် အဖွဲ့တိုင်းနှင့် တွေ့ဆုံဆွေးနွေးရန် အမြဲတမ်းတံခါးဖွင့်ထားကြောင်းလည်း ဆိုသည်။
RCSS သည် NCA စာချုပ်ကို လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်ပြီး စစ်ကောင်စီနှင့် မကြာခဏ ထိ တွေ့ဆက်ဆံနေသည့် အဖွဲ့လည်း ဖြစ်သည်။