By Ko Paing / MPA
ရန်ကုန်မြို့တွင် စစ်မှုထမ်းအတွက် လူဖမ်းဆီးခြင်းကို ညဘက်၌သာ အဓိကပြုလုပ်ရန် နှုတ်မိန့်ဖြင့် ညွှန်ကြားလာကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် စစ်မှုထမ်းရန်အတွက် ရန်ကုန်မြို့ရှိလူငယ်များကိုပင် နည်းလမ်းမျိုးစုံဖြင့် ဖမ်း ဆီးလျက်ရှိပြီး လူအများကြား အုတ်အုတ်သောင်းသောင်းမဖြစ်စေသော ညအချိန်များ၌ အဓိက ဖမ်းဆီးရန် ရန်ကုန်တိုင်းအဆင့် စစ်ကောင်စီက ယခုရက်ပိုင်းအတွင်း ညွှန်ကြားလာခြင်းဖြစ်ကြောင်း ရန်ကုန်အခြေစိုက်ရဲသတင်းရင်းမြစ်ထံက သိရသည်။
“နေ့ခင်းဘက်ဖမ်းတာ လူမြင်တယ်ဆိုတော့ မဖမ်းနဲ့မဟုတ်ဘူး၊ဖမ်း။ဒါပေမဲ့၊ညဘက်လိုအချိန်မှာ လမ်းသွားလမ်းလာတွေနဲ့ လမ်းဘေးမှာ သောက်စားနေတာတွေကို အဓိကဖမ်း။လမ်းသွားလမ်းလာ ဖမ်း မရရင် နယ်ဘက်ကနေ ရန်ကုန်မှာ ဧည့်စာရင်းနဲ့နေတဲ့ စစ်ရှောင်တွေ၊ရွှေ့ပြောင်းတွေကို ဧည့်စာ ရင်းစစ်ဖို့ ရန်ကုန်တိုင်းအဆင့် အစည်းအဝေးမှာ သူတို့အခေါ် နှုတ်နဲ့ လမ်းညွှန်ချက်ပေးတာရှိလာ တယ်”ဟု ၎င်းက MPAသို့ပြောသည်။
ရန်ကုန်မြို့တွင် စစ်ကောင်စီက ထင်ရာစိုင်း လူဖမ်းနေခြင်းကို မီဒီယာများ၏ ဖော်ပြချက်အရ နိုင်ငံတ ကာအထိ ပျံ့နှံ့နေခြင်းကြောင်း ညဘက်အဓိကဖမ်းရန် ညွှန်ကြားလာခြင်းဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည်။
ယင်းသို့သောအခြေအနေကြောင့် ရန်ကုန်မြို့တွင် အိမ်ဌားနှင့် အဆောင် နေထိုင်သောလူငယ်များကို ဧည့်စာရင်းအကြောင်းပြချက်ဖြင့် ပစ်မှတ်ထားလာနိုင်ကြောင်း ၎င်းက မှတ်ချက်ပြုသည်။
ရန်ကုန်၊လှိုင်မြို့နယ်နေ အသက်၅၃နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးက “ရန်ကုန်က ရပ်ကွက်ရုံးတွေမှာ ရပ်ကွက်အလိုက် စစ်မှုထမ်းအကျုံးဝင်လူငယ်စာရင်းစာအုပ်ရှိတယ်။ဧည့်စာရင်းတိုင်ပြီးနေတဲ့သူတွေ ရော အဲစာရင်းထဲထည့်ထားတယ်။ဘာလို့သိသလဲဆိုတော့ ကျတော့်သား ၁၈နှစ်မပြည့်သေးဘူး။အဲ စာရင်းထဲ ပါနေပြီလားလို့ အုပ်ကြီးနဲ့ ရင်းနှီးလို့ သွားကြည့်ရင်း သိတာ”ဟု ပြောသည်။
၎င်းနေထိုင်ရာ ရပ်ကွက်အတွင်း၌မူ ဧည့်စာရင်းအကြောင်းပြချက်ဖြင့် လူဖမ်းဆီးခြင်း မရှိသေး ကြောင်း ဇန်နဝါရီခုနှစ်ရက်နံနက်ပိုင်းတွင် MPAသို့ ပြောသည်။
ရန်ကုန်တိုင်း၌ ဇန်နဝါရီလအတွင်း ဧည့်စာရင်းစစ်ပြီး ဖမ်းဆီးခေါ်ခံရသူ ၇၇ဦးရှိကြောင်း နွေဦးတော်လှန်ရေးစာမျက်နှာ Rangoon Scout Network က ထုတ်ပြန်ထားသည်။
စာတည်း-ML