By Zwe Ko / MPA
ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာ၀တီခရိုင်အတွင်းရှိ မြို့နယ်များ၌ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများသည် ပြည်သူများကို စစ်မှုထမ်းငှားရမ်းခ ပေးမလား သို့မဟုတ် ပြေးမလားဟု ခြိမ်းခြောက်ကာ ငွေကြောင်းတောင်းခံမှုများ ပိုမိုပြုလုပ်လာကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ထိုကဲ့သို့ စစ်မှုထမ်းငှားရမ်းခတောင်းခံသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများသည် ငွေကြေးမတတ်နိုင်သည့် မိသားစုများက စစ်တပ်ရောက်လာသည့်အခါ တာဝန်မယူနိုင်ဟု ပြောဆိုခဲ့ကြောင်း အုတ်ဖိုမြို့နယ်မှ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
“ပေးရတာ ကြာလာတော့ မပေးချင်ကြတော့ဘူး၊ အဲဒီတော့ အုပ်ကြီးတွေက မပေးနိုင်ရင် ပြေးရမယ်၊ သူတို့ကတော့ဘယ်အိမ်က၊ ဘယ်သူက စစ်မှုထမ်းငှားဖို့ ငွေကြေးတောင်းတာကိုမပေးဘူးဆိုပြီး စစ်တပ်ကိုတင်ပြမယ်လို့ ပြောတယ်။ အဲဒါ စစ်တပ်ကလာဖမ်းရင်တော့ ပြေးနိုင်မှလွတ်မယ်လို့ပြောတယ်၊ အခုလိုမျိုး ခြိမ်းခြောက်တောင်းတော့လည်း မရှိရှိတာချေးငှားပြီးပေးနေရတယ်”ဟု ၎င်းကပြောသည်။
ထို့ပြင် မိုးညိုမြို့နယ်အတွင်းရှိ အုပ်ချုပ်ရေးမှူးများသည် ပြည်သူများကို ခြိမ်းခြောက်ပြီး ငွေကြေးတောင်းခံနေသော်လည်း စစ်တပ်က ပေါ်တာဆွဲ၍ ဖမ်းဆီးခံရသူများကို တာဝန်ယူမှုမရှိကြောင်း အသက် ၄၀အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
“ပိုက်ဆံပေးပြီးရင်လည်း မြို့ပေါ်တောင် လွတ်လွတ်လပ်လပ်မသွားရဘူး။ အခြေနေနားထောင်သွားတဲ့၊ ရွာကိုတော့ လာမဆွဲဘူးတဲ့၊ အပြင်မှာအဆွဲခံရရင် တာဝန်မယူဘူးဆိုတော့ ပိုက်ဆံပေးသာပေးနေရတာ ကြောက်လည်းကြောက်နေရတယ်”ဟု ၎င်းက ရှင်းပြသည်။
ယင်းအပြင် ပဲခူးတိုင်းအနောက်ခြမ်းမြို့များတွင် စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေးမှူးများက စစ်မှုထမ်းငွေကြေးများကို လစဉ်ကောက်ခံနေသော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက လမ်းသွားလမ်းလာလူငယ်များကို ဖမ်းဆီးပြီး ငွေတောင်းခံမှု ထပ်မံပြုလုပ်နေကြောင်း သာယာ၀တီမြို့နယ်မှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အမျိုးသမီးတစ်ဦးက ပြောသည်။
“ အုပ်ချုပ်ရေးပိုင်းကလူတွေ၊ စစ်သားနဲ့ ရဲတွေပေါင်းလုပ်နေတာ၊ ပြည်သူတွေဆီက စစ်မှုထမ်းအစားထို့ဖို့ လူငှားဖို့လို့ပြောပြီး ငွေတောင်းပြီး တကယ်က ဘယ်သူမှ မငှားဘူး။ လမ်းသွားလမ်းလာလူငယ်တွေကို ပေါ်တာဆွဲပြီး ပြန်ရောင်းနေတာ၊ အမတို့ သာယာဝတီမှာ အခုလ(ဖေဖော်ဝါရီလ)တင် ပေါ်တာဆွဲခံရတဲ့ အမျိုးသား ငါးဦးရှိတယ် ”ဟု ၎င်းက ပြောသည်။
စစ်မှုထမ်းငှားရန်းခအဖြစ် ငွေကြေးပေးဆောင်မှုသည် လစဉ်ပေးဆောင်နေရခြင်းကြောင့် စီးပွားရေးအဆင်မပြေသည့် မိသားစုများအတွက် အလွန်ခက်ခဲကြောင်း မင်းလှမြို့နယ့်မှ အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။
“ပိုက်ဆံရှိတဲ့သူတွေအတွက်က တစ်လ သုံးသောင်း၊ လေးသောင်းပေးရတာက ဘာမှမဟုတ်ပေမဲ့ အမတို့လို့ မပြေလည်တဲ့ သူတွေအတွက် တော်တော်စိတ်ညစ်ရတယ်။ လတိုင်းပေးနေရတာ အခုဆို ခုနှစ်လလောက်ရှိပြီ၊ ကုန်ဈေးနူန်းတွေကတက် ရတဲ့နေ့စားခနဲ့ မိသားစုစားဖို့ မနည်းချွေတာစားနေရတာ၊ ဘယ်လိုလုပ်ပေးနိုင်မလဲ၊ အဲဒီတော့ အလုပ်ရှင်တွေဆီသွားပြီး နေ့စားခကြိုယူရတယ်။ ကိုယ်ယူထားတဲ့ အကြွေးကများနေတော့ အလုပ်ရှင်က မပေးချင်တော့ဘူး ”ဟု ထို အမျိုးသမီးက အခက်အခဲကြုံတွေ့နေရမှုကို ပြောသည်။
ထိုကဲ့သို့ စစ်မှုထမ်းငှားရမ်းခဟုဆိုကာ ငွေကြေးကောက်ခံနေသူများကို အရေးယူမည်ဟု စစ်ကောင်စီက ပြောဆိုသော်လည်း မြေပြင်၌ ငွေကြေးကောက်ခံမှုသည် လျော့နည်းသွားခြင်းမရှိဘဲ တစ်နေ့ထက်တစ်နေ့ပိုမိုဆိုးရွားလျက်ရှိကြောင်း ပြည်သူများက ထောက်ပြဝေဖန်နေကြသည်။
နိုင်ငံအနှံ့ စစ်ရှုံးနေသည့် စစ်ကောင်စီသည် စစ်သားလိုအပ်ချက်ဖြည့်တင်းရန်အတွက် ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလတွင် စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်သားသစ်များစုဆောင်းနေခြင်းဖြစ်ပြီး ယင်းအချက်ကို အခွင့်ကောင်းယူကာ စစ်သား၊ ရဲနှင့် အုပ်ချုပ်ရေးမှူးများသည် ပြည်သူများထံမှ အကြောင်းအမျိုးမျိုးပြ ငွေကြေးတောင်းခံမှုများ ပြုလုပ်လျက်ရှိသည်။
စာတည်း – ကိုဆန်း