By Ko Paing/MPA
ရန်ကုန်တိုင်း၌ ဇန်နဝါရီလအတွင်း စစ်မှုထမ်းစာရင်းပါ၍ ဖမ်းဆီးခေါ်ဆောင်ခံရသူ ၄၈ဦး ရှိ ကြောင်း Rangoon Scout Network က သတင်းထုတ်ပြန်သည်။
ဇန်နဝါရီအတွင်း ဧည့်စာရင်းစစ်ပြီး ဖမ်းခေါ်ခံရသူ ၇၇ ဦး၊ လမ်းမပေါ် သွားလာနေစဉ် စစ်ဆေးခံရပြီး အဖမ်းခံရသူ ၅၈ ဦးနှင့် သတင်းအတိအကျဖြင့် ရှာဖွေဖမ်းဆီးခံရသူ ၅၁ ဦးရှိကြောင်းလည်း ထုတ်ပြန် ထားသည်။
“ပြီးခဲ့တဲ့ ဒီဇင်ဘာတုန်းကလို မြို့လယ်ခေါင်မှာ ဖမ်းတာမျိုး နည်းသွားပေမဲ့ တောက်လျှောက်ဖမ်းနေ ပါတယ်။စစ်မှုထမ်းအတွက် ဖမ်းနေတာပါ။ဖမ်းတဲ့သူတွေက ပိုက်ဆံရလို့ အားကြိုးမာန်တက်ဖမ်း နေတာပါ။ဖမ်းပြီးရင် ငွေညှစ်တယ်၊ငွေရရင်တော့ ပြန်လွှတ်တာများတယ်။အဓိကက စစ်သားနဲ့ ပျူစောထီးတွေက ဖမ်းနေတာ။မပေါ့ကြပါနဲ့”ဟု ရန်ကုန်အခြေစိုက် ရဲသတင်းရင်းမြစ်က MPAသို့ ပြောသည်။
ဇန်နဝါရီလအတွင်း ကနဦးဖမ်းဆီးခံလိုက်ရသူ စုစုပေါင်း ၄၇၅ ဦး ရှိခဲ့ပြီး ၎င်းတို့အနက် ၅၈ ဦး ပြန်လွတ်လာခဲ့ကာ ၁၇ ဦးကိုမူ ပြန်မလွှတ်ပေးတော့ကြောင်း ၃၉၇ ဦးမှာ ဖမ်းဆီးခံရပြီးနောက် ပြန်လည်လွတ်မြောက်ခြင်း ရှိ မရှိ နောက်ဆက်တွဲကို မသိရှိရကြောင်း Rangoon Scout Network က ဆိုသည်။
ဇန်နဝါရီလအတွင်း တော်လှန်ရေးရဲဘော်များဟု အမည်တပ်ကာ ဖမ်းဆီးခံရမှုများလည်း ရှိကြောင်း သိရသည်။
ဇန်နဝါရီလ၌ ရန်ကုန်တိုင်းအတွင်း စစ်ကောင်စီပြုလုပ်ခဲ့သည့် အဖမ်းအဆီးဖြစ်စဉ်များအနက် ဖြစ်စဉ် အခု ၂၀၀ ကို သိရှိခဲ့ရပြီး ၎င်းတို့အနက် ဖြစ်စဉ် ၁၄၇ ခုအား အတည်ပြု သိရှိခဲ့ကာ ဖြစ်စဉ် ၅၃ ခုကိုမူ အတည်ပြုနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း Rangoon Scout Networkက ဖော်ပြသည်။
Rangoon Scout Network သည်ရန်ကုန်တိုင်းအတွင်း စစ်ကောင်စီ လှုပ်ရှားမှုနှင့် ထူးခြားဖြစ်စဥ်များကို အဓိကထား စုစည်းတင်ပြပေးနေသော နွေဦးတော်လှန်ရေးစာမျက်နှာ ဖြစ်သည်။