By Sayar Ngaat/MPA
ဧရာဝတီတိုင်းအတွင်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲများဖြစ်ပွားကာ စစ်ရေးတင်းမာနေသဖြင့် ပုသိမ်အကျဉ်းထောင်ကို စစ်ကောင်စီက လုံခြုံရေးများ တင်းကျပ်ထားကြောင်း သိရသည်။
၂၀၂၅ခုနှစ် ဇန်နဝါရီလမှ စတင်ကာ စစ်တပ်က ပုသိမ်အကျဉ်းထောင်တွင် တပ်စွဲထားကာ ထောင်ဝန်ထမ်းများ တိုးမြှင့်ချထားပြီး ထောင်ဝင်စာပါဆယ်များကိုလည်း ကန့်သတ်ထားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ယက် (PPNM)မှ ဘဏ္ဍာရေးတာဝန်ခံ Lynnက ပြောသည်။
” တပ်စွဲထားတာတွေတော့ရှိတယ်။ ထောင်ရဲ့ အပြင်မှာတောင်မှ ဘန်ကာတွေဆောက်ထားတယ်။၊ ပြီးတော့ စစ်ဝတ်စုံအပြည့်အစုံနဲ့ သေနတ်တွေကိုင်ပြီး လုံခြုံရေးတင်းကျပ်နေတာတွေရှိတယ်။ ထောင်ထဲမှာဆိုလည်း ထောင်ဝန်ထမ်းတွေကို ပိုပြီးတော့ တိုးထားတာတွေလည်းရှိသည်။ တချို့စစ်သားတွေဆိုရင် အရပ်ဝတ်တွေနဲ့ ထောင်ထဲကို ဝင်ထွက်သွားလာနေတာတွေရှိတယ် ” ဟု Lynnက ပြောသည်။
ထို့ပြင် ပုသိမ်အကျဉ်းထောင်၌ ယခင်က ထောင်ဝင်စာပါချင်များကို ကန့်သတ်မထားသော်လည်း လုံခြုံရေးတိုးပြီးသည့်နောက်တွင် ထောင်ဝင်စာပါဆယ်ကို တစ်မျိုးလျှင် ၂၅ကျပ်သားနှုန်းဖြင့် ဟင်းသုံးမျိုး၊ ကော်ဖီထုပ် ခုနစ်ထုပ်သာ ပို့ရတော့ပြီး အသီးအနှံများ၊ စာအုပ်များနှင့် ဆေးဝါးများကိုလည်း ကန့်သတ်ထားကြောင်း Lynnက ဆက်လက်ရှင်းပြသည်။
ထောင်ဝင်စာပါဆယ်ပို့ရာ၌ အရေအတွက်နည်းသွားသည့်အပြင် ပို့သည့်ဟင်းများသည်လည်း ကြာရှည် အထားမခံသဖြင့် လက်ရှိတွင် ပုသိမ်အကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသားများသည် အကျဉ်းထောင်တွင်းမှ ထောင်ဝန်ထမ်းများရောင်းသည့် စျေးဘားမှ ဟင်းများကိုသာ မတန်တဆပေးကာ ဝယ်စားနေရကြောင်း ပုသိမ်အကျဉ်းထောင်သို့ ထောင်ဝင်စာပါဆယ်ပို့နေသူတစ်ဦးကပြောသည်။
” ထောင်ဝင်စာပါဆယ်ကနေ ပို့တဲ့ဟင်းတွေက နှစ်ရက်သုံးရက်ပဲခံတယ်။ အဲဒီတော့ ထောင်ထဲမှာ ဝယ်စားရတယ်။တချို့ကျတော့လည်း ဝယ်မစားနိုင်ဘူး၊ ဝယ်မစားနိုင်တဲ့သူတွေကတော့ အိမ်ကိုလှမ်းတောင်းရတယ်။ လှမ်းတောင်းတဲ့အခါမှာ ဝန်ထမ်းတွေဆီကိုပိုက်ဆံရောက်တယ်။ ဝန်ထမ်းတွေကလည်း အိမ်ကနေပို့လိုက်တဲ့ပိုက်ဆံကို ဥပမာ ငါးသောင်းဆိုရင် သုံးသောင်းခွဲပဲရတာမျိုး၊ လုပ်တယ်။ ပြီးတော့ ထောင်ကရောင်းတဲ့ဟင်းတွေပေါ်မှာလည်း အမြတ်ကယူထားသေးတယ် ” ဟု ၎င်းကပြောသည်။
နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဥ်းသားများသည် ထောင်ဝင်စာပါဆယ်အခက်အခဲအပြင် အကျဉ်းထောင်အတွင်း၌ သောက်ရေမရှိသဖြင့် ရေချိုးကန်မှရေများကိုသာ သောက်သုံးနေရပြီး ၎င်းရေများသည် ခဲဓာတ်အများပြားပါဝင်သည့်အတွက် နောက်ဆက်တွဲ ဆိုးကြိုးအနေဖြင့် သက်ကြီးပိုင်းအကျဥ်းသားများ လမ်းမလျှောက်နိုင်သည့် ပြဿနာများကို ကြုံတွေ့နေရသည်။
ယင်းအပြင် ကျန်းမာရေးမကောင်းသည့် နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များက လုံလောက်စွာ ကျန်းမာရေးစောင့်ရှောက်မှုများလည်း မပေးမှုများကြောင့် ကျန်းမာရေးပိုင်း ပိုမိုခက်ခဲလာနေကြောင်းလည်း သိရသည်။
၂၀၂၄ခုနှစ်အတွင်း မြန်မာနိုင်ငံ နေရာအနှံ့အပြားရှိ အကျဉ်းထောင် အသီးသီး၌ လုံလောက်စွာ ကျန်းမာရေးစောင့် ရှောက်မှု မရရှိခဲ့သဖြင့် သေဆုံးခဲ့ရသည့် နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ (၂၂)ဦးအထိရှိကြောင်း ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ ၃၁ရက်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ထုတ်ပြန်ထားသည်။
လက်ရှိ ပုသိမ်အကျဉ်းထောင်၌ အကျဉ်းသားဦးရေ များပြားနေပြီး ထောင်အာဏာပိုင်များက ယင်းပြဿနာကို ဖြေရှင်းမပေးသည့်အပြင် ငွေကြေးတတ်နိုင်သည့် အကျဥ်းသားများကိုသာ နေထိုင်မှုအဆင်ပြေအောင် စီစဉ်ပေးနေကြောင်း ပုသိမ်အကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးကပြောသည်။
” ပုသိမ်ထောင်မှာလည်း လူဦးရေက အရမ်းများနေတယ်။ အဲဒီလိုအခါမှာ ငွေကြေးတတ်နိုင်တဲ့သူတွေကျတော့ အဆင်ပြေတဲ့ နေရာကောင်းကောင်းရတယ်။ ငွေကြေးမတတ်နိုင်တဲ့သူတွေ၊ ပါဆယ်မပို့နိုင်တဲ့သူတွေ၊ ထောင်ဝန်ထမ်းတွေနဲ့ အဆင်မပြေတဲ့သူတွေဆိုရင် အိမ်သာနားတွေမျိုးမှာ ထားတယ်၊ ဒီဆောင်းတွင်းမှာတောင်မှ လူကအရမ်းကျပ်နေတဲ့အတွက် ကိုယ်တစ်ခြမ်းဘဲ အိပ်နေရတာမျိုးတွေရှိတယ် ” ဟု ၎င်းကပြောသည်။
အကျဉ်းထောင်တွင် အကျဥ်းသားများ၏ နေထိုင်မှုအတွက် လိုအပ်ချက်များသည် ထောင်အာဏာပိုင်များ၌ တာဝန်ရှိသော်လည်း ၎င်းတို့က ပြင်ဆင်ပေးခြင်း မရှိသည့်အပြင် အခြားအမှုဖြင့် ကျခံလျှက်ရှိသည့်တန်းစီးများနှင့် ထောင်ဝန်ထမ်းများ ပူးပေါင်းကာ အခန်းတွင်းမီးလုံးဝယ်ခြင်းမှ အစပြု၍ အခြားငွေကြေးကောက်ခံမှုများ ဆောင်ရွက်နေကြောင်း PPNM က ဆိုသည်။
စစ်တပ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ တစ်ရက်မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၁ရက်အထိ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၈၄၄၄ ဦးရှိပြီး လက်ရှိ အကျဉ်းထောင်များတွင် ဖမ်းဆီးခံထားရသူ ၂၁၇၂၂ ဦးရှိနေကြောင်းနိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း-AAPP၏ စာရင်းများ၏အရ သိရသည်။